
ဧရာဝတီတိုင်းမ်
ဧပြီ ၂၈ရက်
ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်အတွင်း ဖြစ်ပွားနေသော စစ်ကောင်စီ နှင့် အာရက္ခတပ်တော် (AA) တို့၏ တိုက်ပွဲတွင် စစ်ကောင်စီက ကြည်း၊ ရေ၊ လေတို့ဖြင့် အင်အားဖြည့် တိုက်ခိုက်နေရပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးကာ ပြန်လည်ရောက်ရှိ လာသည့် တပ်ဖွဲ့ဝင်များကိုပါ သံတွဲတိုက်ပွဲတွင် အသုံးပြုနေကြောင်း သိရသည်။
ပြီးခဲ့သည့် ဧပြီ၂၂ရက်နေ့က စတင်ဖြစ်ပွားခဲ့သည့် သံတွဲမြို့နယ် သူဌေးရေအားလျှပ်စစ် စီမံကိန်းအနီးတိုက်ပွဲတွင် စစ်ကောင်စီဘက်က အကျအဆုံးများပြားပြီး တိုက်ပွဲပြင်းထန် နေသည့်အတွက် ရေကြောင်းနှင့် လေကြောင်းမှနေ၍ စစ်အင်အားဖြည့်တင်းလျက် ရှိကြောင်း သိရသည်။
“ရေကြောင်းကနေ စစ်ကူအဓိကပို့နေတာ မြင်ရတယ်။ လေယာဉ်တွေနဲ့က ရိက္ခာနဲ့ လက်နက်ခဲယမ်းတွေလာချတယ်။ မြေပြင်စစ်ကူကတော့ လွန်ခဲ့တဲ့ ၂ ရက်က သံတွဲ၊ ဇာဒီပြင်သင်္ချိုင်းမှာ တပ်စွဲထားတဲ့အဖွဲ့က ၃ ရက်လောက်ပဲနေပြီး တိုက်ပွဲဖြစ်တဲ့ ရွာဘက်ကို ဆင်းရတယ်ပြောတယ်” ဟု သံတွဲဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ကောင်စီသည် မောင်တောတိုက်ပွဲအတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးခဲ့ပြီး ပြီးခဲ့သည့်ရက်ပိုင်းအတွင်းတွင်မှ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာသည့် စစ်ကောင်စီတပ်သားများကို သံတွဲတိုက်ပွဲတွင် ပြန်လည် တိုက်ခိုက် ခိုင်းရန်အတွက် သံတွဲရှိ ခလရ -၅၅ နှင့် ခမရ-၅၆၆ တပ်ရင်းများသို့ စစ်သင်္ဘောများဖြင့် ပို့ဆောင်ထားကြောင်း သိရသည်။
စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားသည့် သူဌေးရေအားလျှပ်စစ်အနီးဝန်းကျင်ကိုသာမက ဒေါ်မြရွာ၊ ပုရစ်၊ ရေကောက်၊ ဆူးပုတ်ကုန်း၊ ကျောင်းကုန်း၊ ဘုရားမော်နှင့် ရွှေလှေရွာများဘက်သို့ ရေတပ်မှ လက်နက် ကြီးများနှင့်ပစ်ခတ်သလို လျှပ်စစ်စီမံကိန်း အနီးတပ်စွဲထားသည့် တပ်ဖွဲ့မှလည်း လက်နက်ကြီး၊ လက်နက် ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်လျက်ရှိကြောင်း သိရသည်။
“တိုက်ပွဲပြင်းထန်တဲ့ နေရာတွေအပြင် တခြားနေရာစုံကနေကို စစ်တပ်က လက်နက်ကြီး တွေနဲ့ ရမ်းထုနေတာ။ တပ်တော်(AA)ဘက်က တိုက်ပွဲဖြစ်တဲ့နေရာမှာပဲ အပြန်အလှန် ပစ်တယ်။ စစ်တပ်က တိုက်ပွဲမဖြစ်တဲ့နေရာတွေပါ ပစ်နေတာ။ စစ်ရှောင်တွေလည်း အနီးအပါးကလျှိုတွေ၊တောင်ကြားတွေထဲပဲ ဝင်ရှောင်ရတယ်။ မြို့ပေါ်မတက်ရဲဘူး။ မြင်တာနဲ့ စစ်တပ်က သေနတ်နဲ့ လှမ်းပစ်နေတာ” ဟု စစ်ဘေးရှောင်များနှင့်နီးစပ်သူက ဧရာ၀တီတိုင်းမ်းကို ပြောသည်။
စစ်ကောင်စီသည် တိုက်ပွဲဖြစ်ပွားနေသည့်အတွက် သူဌေးရေအားလျှပ်စစ်စီမံကိန်းမှ ဝန်ထမ်းမိသားစုများသာ သံတွဲမြို့သို့ စစ်ရှောင်ခွင့်ပြုခဲ့ပြီး တခြားကျေးရွာများမှ စစ်ရှောင်လာသူများကို သံတွဲမြို့ပေါ်သို့ တက်ခွင့်မပေးကြောင်း သိရသည်။
“ပုရစ်နဲ့ ရေကောက်ရွာအပါအဝင် ၁၀ ရွာလောက်က စစ်ရှောင် တစ်သောင်းကျော်လာပြီ။ ပထမရက်က မြို့ပေါ်တက်လို့ရသေးတယ်။ အခုက မဲမဲမြင်တာနဲ့ပစ်နေတယ်။ သံတွဲကနေ ရန်ကုန်ပြေးချင်သူတွေလည်းရှိလာပြီ။ အခုလာမယ့် ၂၉ရက်နေ့မှာ တပ်တော်က မြို့သိမ်းတိုက်ပွဲလုပ်မှာဆိုပြီး သတင်းတွေလည်းထွက်နေတယ်။ လူတွေက အကုန်ကြောက် နေကြတော့ သတင်းတွေလည်း အစုံထွက်နေတယ်” ဟု ၎င်းကဆိုသည်။
သံတွဲမြို့၏ အနီးဝန်းကျင် ကျေးရွာများကို မောင်ရွှေလေး၊ ပုလဲကျွန်း၊ ခမောင်းတုန်း၊ ဂေါ့ကမ်းခြေရှိ စစ်ကောင်စီ၏ ရေတပ်များမှနေ၍ လက်နက်ကြီးများဖြင့် နေ့ရောညပါ ပစ်ခတ်တိုက်ခိုက်လျက်ရှိကြောင်း သိရသည်။
သံတွဲမြို့မှ ရန်ကုန်သို့ စစ်ရှောင်ချင်သည့် ပြည်သူများကို ကျန်းမာရေးမကောင်း၍ ရန်ကုန်တွင်ဆေးကုသမှုခံယူရန်လိုအပ်ကြောင်း အရေးပေါ် ဆေးစစ်ချက် ထောက်ခံစာ သံတွဲဆေးရုံတွင် ယူခိုင်းပြီး ထိုထောက်ခံချက်ကို စိစစ်ပြီးမှသာ သံတွဲမြို့မှ ထွက်ခွာခွင့်ပြုမည်ဟု ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့များက ထုတ်ပြန်ထားကြောင်း သိရသည်။
ပြီးခဲ့သည့် ဧပြီ ၂၂ရက်နေ့မှစတင်သည့် ယနေ့ ဧပြီ ၂၈ရက်နေ့အထိတိုက်ပွဲအတွင်း သံတွဲရှိ ရှင်စောပြင်၊ ပေါက်တော၊ မန်ကျည်းချောင်း၊ လင်းသီနှင့် ချင်းတွင်း ကျေးရွာများမှ စစ်ကောင်စီတပ်များ ဆုတ်ခွာသွားကြကြောင်း သိရသည်။
သံတွဲတိုက်ပွဲတွင် စစ်ကောင်စီ၏ ခလရ -၅၅ မှ ဒုတပ်ရင်းမှူးအပါအဝင် စစ်ကောင်စီ တပ်ဖွဲ့ဝင်အများအပြား သေဆုံးခဲ့ကြောင်း သိရသည်။
ပုံစာ- ရွှေလှေကျေးရွာသို့ စစ်ကောင်စီ၏လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲနေစဥ်
#သံတွဲ #စစ်ကောင်စီ #ကြည်းရေလေ #ခုခံတိုက်ခိုက် #Ayeyarwaddy_Times