
ဧရာဝတီတိုင်းမ်
ဧပြီ ၂၈ ရက်
ဧရာ၀တိီတိုင်း၊ ဖျာပုံအကျဥ်းထောင်တွင် ပြီးခဲ့သည့်မတ်လ ၃၁ရက်နေ့ ညနေပိုင်းက ဖြစ်ပွါးခဲ့သည့် ထောင်ဆူမှုဖြစ်စဥ်နှင့် ပတ်သတ်ပြီး အကျဥ်းသား ၁၈ဦးကိုထပ်တိုး ထောင်ဒဏ်များချမှတ်လိုက်ကြောင်းသိရသည်။
” ထောင်တွင်းတရားရုံးက ထောင်ဒဏ်ခြောက်လ ထပ်တိုး ချလိုက်တာပါ။ အမှုကတော့ထောင်ကထွက်ပြေးဖို့ ကြံစည်တယ် ဆိုပြီး ထောင်ထပ်ချတာ။ အရိုက်လည်း ခံထားရတယ်။ ထောင်ဝင်စာကိုလည်း ပိတ်ထားတယ်။ ၁၈ ယောက်လုံးကိုလည်း တိုက်ပိတ်ထားတယ်” ဟု အကျဉ်းဦးစီး ဌာန ဝန်ထမ်းတစ်ဦး မှ ဧရာ၀တီတိုင်မ်းကိုပြောသည်။
ဖျာပုံထောင်တွင် နိုင်ငံရေးအကျဥ်းသား ကို နန်းလင်းအောင်ကို ထောင်၀န်ထမ်းဖြစ်သူ တပ်ကြပ်ကြီးဌေးမြင့် မှ အကြောင်းမဲ့ရိုက်နှက်မှုကို အကျဥ်းသားများမှဖြေရှင်းပေးရန်တောင်းဆိုရာမှ ထောင် ၀န်ထမ်းများနှင့် ရုန်းရင်းဆန်ခတ်ဖြစ်ပွါးခဲ့ခြင်းဖြစ်သည်။
ထောင်ဆူပူမှုဖြစ်ပွားပြီးနောက်ပိုင်း ဖျာပုံမြို့ရှိရဲနှင့်စစ်ကောင်စီတပ်များ ရောက်ရှိလာကာ အကြမ်းဖက်ရိုက်နှက် မှုကြောင့် အကျဥ်းသား ၂၀ခန့် ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
အဆိုပါဖြစ်စဥ်နှင့်ပတ်သတ်ပြီး နိုင်ငံရေးအကျဥ်းသားများဖြစ်သော ကိုနန်းလင်းအောင်၊ ကိုအောင်အောင်ဦး၊ ကိုဗညားအောင်၊ ကိုဝေယံဦး၊ ကိုရှိုင်းညီညီ အပါအဝင် ၁၈ဦးကိုဖျာပုံခရိုင် တရားသူကြီး မှ ထောင်ပြေးမှု ပုဒ်မ ၂၂၄ ဖြင့် ထောင်တွင်းတရားရုံးမှ အမိန့်ချလိုက် ခြင်းဖြစ်ကြောင်းသိရသည်။
#ဖျာပုံထောင် #နိုင်ကျဉ်း #ထောင်ဒဏ်ထပ်တိုးချမှတ် #ပုဒ်မ၂၂၄ #ခရိုင်တရားသူကြီး #Ayeyarwaddy_Times