
အယိုက်လင်း/ဧရာဝတီတိုင်းမ်
ဧပြီလ ၂၈ ရက်
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ စွေ့ချောင်းကျေးရွာတွင် စစ်ကောင်စီက ပစ်ခတ်သည့် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲ၍ ချင်းအမျိုးသမီး တစ်ဦး သေဆုံးပြီး တစ်ဦး ထိခိုက်ဒဏ်ရာရရှိကာ ရွာလုံးကျွတ်မီးလောင်ပြာကျသွားကြောင်း ဒေသခံများထံက သိရသည်။
အမ်းမြို့နယ်၊ စွေ့ချောင်းကျေးရွာတွင် ဧပြီလ ၂၆ ရက် ညနေပိုင်းက တောဟိန်းတောင် ဗျူဟာ စခန်းကုန်းသိမ်း တိုက်ပွဲအတွင်း စစ်ကောင်စီက ပစ်ခတ်သည့်လက်နက်ကြီးကျည်သည် ကျေးရွာတွင်းသို့ ကျရောက်ပေါက်ကွဲ၍ အရပ်သား ထိခိုက်သေဆုံးခဲ့ပြီး အိမ်ခြေ ၂၀၀ ကျော် မီးလောင်ပြာကျသွားခြင်းဖြစ်သည်။
“တောဟိန်းတောင် ဗျူဟာ တိုက်ပွဲအတွင်း စစ်တပ်ဘက်က ပစ်တဲ့ လက်နက်ကြီးကျည် ရွာထဲကို ကျပေါက်ကွဲမှုဖြစ်သွားတာ။ ရွာထဲမှာ ကျန်ခဲ့တဲ့ အမျိုးသမီးတစ်ဦး သေဆုံးသွားတယ်။ မိန်းကလေးငယ် တစ်ဦး ထိခိုက်ဒဏ်ရာရတယ်။ ရွာသားတွေက တိုက်ပွဲဖြစ်ကတည်းက တိမ်းရှောင်ကြပြီး ရွာထဲမှာ ထွက်မပြေးတဲ့ ရွာသား ဆယ်ဂဏန်းသာ ကျန်ခဲ့တာပါ။ စစ်တပ်ရဲ့ လက်နက်ကြီးကျည်ကြောင့် ရွာထဲက နေအိမ်အားလုံး မီးလောင်ပြာကျသွားပါ။ မီးလောင်တုန်း မီးငြိမ်းပေးမယ့် လူလည်းမရှိဘူး” ဟု စွေ့ချောင်းကျေးရွာမှ ဒေသခံအမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
အဆိုပါ သေဆုံးသွားသည့် ချင်းအမျိုးသမီးသည့် အသက် (၅၂)နှစ်အရွယ်ဒေါ်ဆန်းလှဟု သိရပြီး ၎င်းနှင့်သားချင်းတော်စပ်သည့် ကလေးငယ်တစ်ဦးလည်း လက်နက်ကြီးကျည်ထိမှန်၍ ကမ်းထောင်းကြီးဆေးရုံတွင် ဆေးကုသမှု ခံယူနေရကြောင့် သိရသည်။
စွေ့ချောင်းကျေးရွာသည် အိမ်ခြေ ၂၀၀ ကျော်ခန့်ရှိ ချင်းလူမျိုးများနေထိုင်သည့် ကျေးရွာဖြစ်သည်။ ၎င်းကျေးရွာမှ အရပ်သား အယောက် ၆၀၀ ကျော်သည် မြေပုံမြို့နယ်ဘက်သို့ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရပြီး စားသောက်ရေးအတွက် စားနပ်ရိက္ခာများ အကူညီလိုအပ်နေကြောင်း သိရသည်။
“စစ်ဘေးရှောင်တာ စုစုပေါင်း ရွာသား ၄၀၀ လောက်ရှိမယ်။ စစ်ဘေးရှောင်ကြတာက တကွဲတပြားစီပါဘဲ။ ကလေးတွေအများကြီးပါတယ်။ မြေပုံဘက် ရောက်နေတဲ့ စစ်ဘေးရှောင်တွေက စားသောက်အတွက် အကူညီလိုအပ်နေပါတယ်။ ကျွန်တော်တို့ ချင်းရွာတွေကနေ အကူညီတောင်းခံတာမျိုးတော့ ရှိပါတယ်။ စစ်ဘေးရှောင်တွေအတွက် တခြားအဖွဲ့စည်း၊ တခြား အလှူရှင်က သီးသန့် ကူညီထောက်ပံ့ပေးတာတွေ မရှိသေးဘူး။ အိမ်မှာရှိတဲ့ ဆန်တွေ ယူမယ်ဆိုလည်းအိမ်က မီးထဲပါသွားပြီ။ ကျွန်တော်တို့ ထွက်လာတုန်းကလည်း အဝတ်တထည်ကိုယ်တခုတည်းပါတယ်” ဟု စွေ့ချောင်းကျေးရွာမှ ဒေသခံအမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ပြီးခဲ့သည့် ဧပြီလ ၁၉ ရက်နေ့ကလည်း အမ်းမြို့နယ်၊ ကြက်ရေစမ်းကျေးရွာတွင် စစ်ကောင်စီက ပစ်ခတ်သည့် လက်နက်ကြီးကျည် ကျေးရွာအတွင်းသို့ ကျရောက်ပေါက်ကွဲ၍ အသက်ကြီးပိုင်း ချင်းအမျိုးသား တစ်ဦးသေဆုံးပြီး ချင်းအမျိုးသမီးတစ်ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
အမ်းမြို့နယ်၊ ကဇုကိုင်းကျေးရွာရှိ စစ်ကောင်စီ၏ တောဟိန်းတောင်ဗျူဟာကုန်းကို အာရက္ခတပ်တော်(AA)က မတ်လ ၂၄ ရက်ကစ၍ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး တစ်လကျော်ကြာ ယမန်နေ့ ဧပြီလ ၂၇ ရက်နေ့တွင် အပြီးသတ်သိမ်းပိုက်ထားရရှိထားကြောင်း သိရသည်။
ဓာတ်ပုံ- စွေ့ချောင်းရွာရှိ ဒလက်ချောင်းတံတားကို တွေ့ရစဥ်။
#စစ်ကောင်စီ #လက်နက်ကြီးကျည် #အမ်းမြို့နယ် #ရွာလုံးကျွတ်မီးလောင်ပြာကျ #ချင်းအမျိုးသမီး #တစ်ဦးသေဆုံး #Ayeyarwaddy_Times