အယိုက်လင်း/ ဧရာဝတီတိုင်းမ်
ဧပြီ ၂၈ ရက်

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်၊ လွန်ဒုံကျေးရွာတွင် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ပြုလုပ်သဖြင့် အရပ်သား တစ်ဦးသေဆုံးပြီး နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကန်ပက်လက်မြို့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံက သိရသည်။

ကန်ပက်လက်မြို့နယ်၊ လွန်ဒုံကျေးရွာတွင် စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားခဲ့ခြင်း မရှိဘဲ ယနေ့ ဧပြီလ ၂၈ ရက် မွန်းလွဲ ၁ နာရီ ၃၀ မိနစ်ခန့်တွင် လေကြောင်းဖြင့် နှစ်ကြိမ်ဗုံးကြဲတိုက်ခိုက်သောကြောင့် အရပ်သား ထိခိုက်သေဆုံးပြီး ကျေးရွာ ဆေးပေးခန်း၊ အရပ်သား နေအိမ်များ ထိခိုက်ပျက်စီးသွားခြင်းဖြစ်သည်။

“ရွာက တိုက်ပွဲဖြစ်တဲ့နေရာနဲ့ အတော်ဝေးပါတယ်။ အနီးနားမှာ ဘယ်တိုက်ပွဲမှ မရှိဘူး။ ပထမအကြိမ် ဗုံးကြဲတုန်းက ရွာအလည်တည့်တည့် ကျတယ်။ ဒုတိယအကြိမ် ဗုံးထပ်လာကြဲတော့ ရွာအပြင်ဘက် ကျတယ်။ အမျိုးသား တစ်ဦးက ခြေတစ်ဖက် ပြတ်ထွက်သွားပြီး သေသွားတယ်။ နောက်ထပ် အမျိုးသမိီး တစ်ဦးလည်း လက်တစ်ဖက် ကျိုးသွားတယ်။ တစ်ယောက်က စိုးရိမ်စရာမရှိဘူး။ ရွာထဲမှာ လူမရှိကြလို့ အရပ်သား ထိခိုက်မှု သိပ်မရှိတာ” ဟု ကန်ပက်လက်မြို့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

အဆိုပါ လေကြောင်း တိုက်ခိုက်မှုကြောင့် သေဆုံးသွားသည့် အရပ်သားသည် အသက် (၆၈) နှစ်အရွယ် ဦးမနားထင်ဟု သိရပြီး အသက် (၄၅) နှစ်အရွယ် ဒေါ်လှူမနားသည် လက်တစ်ဖက် ဆုံးရှုံးလိုက်ရကာ အသက် (၁၈) နှစ်အရွယ် မနှိမ်းနိုင်းသည် မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ထို့အပြင် ကျေးရွာအတွင်းရှိ ဆေးပေးခန်း တစ်ဆောင်နှင့် အရပ်သား နေအိမ် သုံးလုံးလည်း ပျက်စီးသွားကြောင့် သိရှိရသည်။

ကန်ပက်လက်မြို့နယ်၊ ဖျန်ချောင်းကျေးရွာတွင် ပြီးခဲ့သည့် ဧပြီလ ၃ ရက်နေ့က တစ်ကြိမ်၊ အုံကျေးရွာ၊ လွီးစုံကျေးရွာနှင့် ကောက်ဆောင်းကျေးရွာတို့တွင် ဧပြီလ ၁၇ ရက်နေ့က တစ်ကြိမ် စစ်ကောင်စီမှ လေကြောင်း တိုက်ခိုက်မှု ပြုလုပ်သွားပြီး အရပ်သားတချို့ ထိခိုက်ဒဏ်ရရှိကာ နေအိမ်များ၊ စာသင်ကျောင်းနှင့် ဝန်ထမ်းအိမ်ရာတချို့ ထိခိုက်ပျက်စီးသွားကြောင်း သိရသည်။

ဓာတ်ပုံ- ကန်ပက်လက်မြို့နယ်၊ အုံရွာတွင် ဧပြီလ ၁၇ ရက်နေ့က စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသည့် နေအိမ်များနှင့် စာသင်ကျောင်းများကို တွေ့ရစဥ်။

#ကန်ပက်လက်မြို့နယ် #စစ်ကောင်စီ #လေကြောင်းတိုက်ခိုက်မှု #အရပ်သားတစ်ဦးသေဆုံး #နှစ်ဦးဒဏ်ရာရ #Ayeyarwaddy_Times