
ဧရာဝတီတိုင်းမ်
ဧပြီ ၂၇ ရက်
လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီ(IPCM) အနေဖြင့် စစ်ပွဲဖြစ်ပွားနေသည့် တိုင်းရင်းသားနယ်မြေများ နှင့် ဒေသအသီးသီးရှိ သတင်းမီဒီယာသမားများ၏ လုံခြုံရေး နှင့် လွတ်လပ်စွာသတင်းရယူခွင့် ရရှိနိုင်ရေးကို သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ဆက်လက်ဆွေးနွေးသွားနိုင်ရန်စီစဉ်လျက် ရှိကြောင်း ယမန်နေ့ ဧပြီ ၂၆ ရက်နေ့နေ့စွဲဖြင့် ထုတ်ပြန်ထားသည်။
ပြီးခဲ့သည့် ရက်ပိုင်းက ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ(IEC) နှင့် ကရင်အမျိုးသားအစည်းအရုံး(KNU) မှ ထုတ်ပြန်လိုက်သည့် သတင်းနှင့် ပြန်ကြားရေး လုပ်ငန်းဆိုင်ရာ ပေါ်လစီမူဝါဒများ၊ သတင်းမီဒီယာသမားများ လိုက်နာရမည့် စည်းကမ်းများတွင် ပါဝင်သည့် အချက်အချို့သည် သတင်းလွတ်လပ်ခွင့် အပေါ် ခြိမ်းခြောက်မှုများရှိနေသည့်အတွက် သက်ဆိုင်ရာအဖွဲ့အစည်းများအနေဖြင့် သတင်း မီဒီယာ လွတ်လပ်ခွင့် စံနှုန်းများ၊ တန်ဖိုးများကို လေးစား လိုက်နာကျင့်သုံးကြရန် IPCM က တိုက်တွန်းထားသည်။
“အဓိကပြောချင်တာကတော့ မီဒီယာသမားတွေက ကျင့်ဝတ်နဲ့အညီ စည်းနဲ့ကမ်းနဲ့ သတင်း source တွေကို သတင်းရယူတယ်။ အဲ့ဒီအပေါ်မှာ တားဆီးပိတ်ပင်မှု မလုပ်ပါနဲ့ ဒီဟာ တွေကို စည်းနဲ့ကမ်းနဲ့ သတင်းယူခွင့်ပေးပါလို့ အဓိက ပြောတာပါ။ IEC နဲ့ KNU က statement ထုတ်ထားတော့ သူတို့ကိုတည် ပြောသလိုဖြစ်သွားတယ်ပါ့နော်။ သူတို့နှစ်ခုစလုံးနဲ့ ပဏာမ ဆွေးနွေးပြီးပါပြီ။ ဒီထက်ပိုပြီးတော့လည်း တေ့တေ့ဆိုင်ဆိုင် ဆွေးနွေးဖို့ IPCM အနေနဲ့ sub committee (ဆပ်ကော်မတီ) လေးတစ်ခုဖွဲ့ ထားပါတယ်။ ဆက်လည်းတွေ့မှာပါ” ဟု IPCM အတွင်းရေးမှူး ဦးတိုးဇော်လတ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
သတင်းရယူခွင့်များနှင့်ပတ်သတ်၍ လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီ အနေဖြင့် သက်ဆိုင်ရာ အဖွဲ့အစည်းများထံ အလွတ်သဘော ချဉ်းကပ်၍ သတင်းမီဒီ ယာသမားများ၏ စိုးရိမ်ချက်များကို တင်ပြဆွေးနွေးခဲ့ပြီး သတင်းမီဒီယာလုပ်ငန်း၏ သဘောသဘာဝ၊ ကျင့်ဝတ်စံနှုန်း၊ သတင်းရယူခွင့်ဆိုင်ရာနှင့် သတင်းမီဒီယာ၏ အခန်း ကဏ္ဍများကို ရှင်းပြနိုင်ရန်လည်း ဆက်လက်စီစဉ်လျှက်ရှိကြောင်း သိရသည်။
“ကျွန်တော်တို့လွတ်လပ်တဲ့သတင်းမီဒီယာကောင်စီအနေနဲ့ တင်ပြချင်တာက IEC နဲ့ KNU နှစ်ခုထဲမဟုတ်ပါဘူး။ တခြား state holder တွေ အထူးသဖြင့် တိုင်းရင်းသားနယ် မြေတွေ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသလို့ ကြော်ငြာထားတဲ့နယ်မြတွ NUG အောက်ကနယ်မြတွ အကုန်လုံးနဲ့ သက်ဆိုင်တဲ့ဟာပါ။ တကယ်တော့ သတင်းရယူခွင့် ကိစ္စကို ဆွေးနွေးနေကြတာပါ။ လာမယ့် မေလ ၃ ရက်က ကမ္ဘာ့စာနယ်ဇင်း လွတ်လပ်ခွင့်နေ့ပါ။ အဲ့နေ့မှာ သတင်းမီဒီယာ ကောင်စီက သတင်းမီဒီယာကျင့် ဝတ်အကြမ်းထုတ်ပြန်ဖို့ရှိတယ်” ဟု ဦးတိုးဇော်လတ်က ဆက်လက်ပြောကြားသည်။
လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီ(IPCM) အနေဖြင့် မြန်မာ့နိုင်ငံရေး ဖြစ်စဉ်အတွင်း သတင်းသမားများ လိုက်နာသင့်သည့်ကျင့်ဝတ်များကို လာမည့် မေ ၃ ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့သတင်းစာလွတ်လပ်ခွင့်နေ့တွင် ထုတ်ပြန်မည် ဖြစ်ကြောင်း ဆိုထားသည်။
ဓာတ်ပုံ -လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီ (IPCM) အတွင်းရေးမှူး ဦးတိုးဇော်လတ်
#IEC #KNU #သတင်းမီဒီယာလွတ်လပ်ခွင့် #IPCM #Ayeyarwaddy_Times