
ဧရာဝတီတိုင်းမ်
ဧပြီ ၂၈ရက်
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်၊ ဆင်ဘိုမြို့ရှိ စစ်ကောင်စီ၏ ခလရ-၁၄၁ တပ်ရင်းကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) က ထိုးစစ်ဆင်တိုက်ခိုက်ပြီး သိမ်းယူလိုက်ကြောင်း သိရသည်။
ဆင်ဘိုမြို့ရှိ စစ်ကောင်စီ၏ ခလရ ၁၄၁တပ်ရင်းကို ယနေ့ ဧပြီ ၂၈ရက်နေ့ ညနေပိုင်းတွင် KIA က ထိုးစစ်ဆင်တိုက်ခိုက်ပြီး သိမ်းယူလိုက်ကြောင်း ကချင်စစ်ရေးသတင်းရင်း မြစ်ထံက သိရသည်။
“လေကြောင်းတိုက်ခိုက်မှုတွေကြားထဲက စခန်းကို သိမ်းနိုင်သွားပါတယ်။ ၃ ရက်ဆက် တိုက်ထိုးစစ်ဆင်တိုက်ခိုက်ပြီး စခန်းရတာပါ” ဟု ကချင်စစ်ရေးသတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
ပြီးခဲ့သည့် ဧပြီ ၂၆ရက်နေ့ နံနက်အစောပိုင်း အချိန်မှစ၍ ဆင်ဘိုမြို့ရှိ စစ်ကောင်စီ၏ ခလရ ၁၄၁တပ်ရင်းစခန်းကို ကချင်လွပ်လပ်ရေးတပ်မတော် (KIA) က တဖန်ထိုးစစ်ဆင် ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ခလရ-၁၄၁ ၏ ကာကင်းစခန်းကုန်းတစ်ခုကို သိမ်းပိုက် ရရှိခဲ့သည်။
စစ်ကောင်စီဘက်ကလည်း စခန်းမကျစေရေးအတွက် လေယာဉ်မျိုးစုံအသုံးပြု၍ ဗုံးသီး အလုံးပေါင်း ၁၀၀ ကျော်ခန့်ကို တိုက်ပွဲဖြစ်ပွားရာ နေရာနှင့် အနီးဝန်းကျင်သို့ လာရောက် ကြဲချတိုက်ခိုက်လျက်ရှိကြောင်း သိရသည်။
ထို့အပြင် စစ်ကောင်စီသည် ပြီးခဲ့သည့် ဧပြီ ၂၅ရက် ညနေ ၄နာရီခန့်က ဆင်ဘိုမြို့သို့ လေယာဉ်ဖြင့်ဗုံးလာကြဲရာ မြင်သာ ကျေးရွာအတွင်းရှိ နေအိမ်နှင့် ဘုရားကျောင်း အတွင်းသို့ ကျရောက်ပေါက်ကွဲသဖြင့် အမျိုးသား တစ်ဦးသေဆုံးခဲ့ကြောင်း သိရသည်။
ဆင်ဘိုမြို့ကို ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၀ရက်နေ့တွင် KIA က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ဖေဖော်ဝါရီ ၁၁ ရက်တွင် မြို့အတွင်းရှိ ရဲစခန်းနှင့် စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာများကို ထိန်းချုပ်ကာ မြို့ကို သိမ်းပိုက်နိုင်ခဲ့သည်။
ထို့နောက် ဆင်ဘိုမြို့နှင့် မိုင်အနည်းငယ်ကွာသည့် ခလရ ၁၄၁ ကိုဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီး ကာကင်းစခန်းအချို့ကို သိမ်ယူနိုင်ခဲ့ကာ ယနေ့တွင် တပ်ရင်းကို သိမ်းယူနိုင်ခဲ့ခြင်းဖြစ်သည်။
ဆင်ဘိုမြို့သည် ၂၀၀၂ခုနှစ်ကမှမြို့အဖြစ်သတ်မှတ်ခံခဲ့ရခြင်းဖြစ်ပြီး လူဦးရေ ၁၀,၀၀၀ ကျော် နေထိုင်လျက်ရှိကာ ဒေသခံအများစုမှာ စစ်ဘေးရှောင်လျက်ရှိကြောင်းသိရသည်။
#မြစ်ကြီးနား #ဆင်ဘိုမြို့ #စစ်ကောင်စီ #ခလရ၁၄၁တပ်ရင်း #KIA #တိုက်ခိုက်သိမ်းပိုက် #Ayeyarwaddy_Times