ဆောင်းပါးရှင် – ဒေါက်တာမိုးသစ်နေ
(ဧရာ၀တီတိုင်းမ်၊ ဧပြီ ၂၈ ရက်)

မြူခိုးတွေဝေနေတဲ့ ဆောင်းမနက်ခင်းမှာ လမ်းလျှောက်ဖူးကြမယ်ဆိုရင် မြူတွေကြောင့် မြင်ကွင်း မရှင်းဘဲ ဝေဝေဝါးဝါးနဲ့ လမ်းလျှောက်ရ ခက်ခဲတယ်ဆိုတာ သိကြမှာပါ။

နေထွက်လာချိန် မြူခိုးကင်းစင်သွားမှသာ သွားလာဖို့ လွယ်ကူသွားပါတော့တယ်။

ထိုနည်းလည်းကောင်းပါပဲ။ မျက်လုံးမှာ အတွင်းတိမ်စွဲကပ်နေခဲ့ရင် တနေ့တာ ၂၄ နာရီလုံး မြင်ကွင်းမှန်သမျှ မြူခိုးတွေဝေနေမှာပါ။ အမြင်အာရုံကြည်ရှင်းမှ နေ့စဉ် ဘဝစိတ်ချမ်းသာရမှာ ဖြစ်တာကြောင့် အတွင်းတိမ်စွဲခြင်းဆိုတာ သိထားသင့်တဲ့ မျက်စိရောဂါ တစ်ခုဖြစ်ပါတယ်။

🟥အတွင်းတိမ် (Cataract)

ကျွန်တော်တို့ ပတ်ဝန်းကျင်မှာရှိတဲ့ အလင်းပုံရိပ်တွေကို မျက်လုံးအတွင်းမှာရှိတဲ့ မြင်လွှာပေါ်မှာ ပုံရိပ်ကျဖို့ အတွက် သဘာဝမှန်ဘီလူးနဲ့ တည်ဆောက်ဖွဲ့စည်ထားပါတယ်။

မျက်စိအတွင်းတိမ်စွဲတယ်ဆိုတာက မျက်လုံးထဲမှာရှိတဲ့ ကြည်လင်နေတဲ့မှန်ဘီလူးလေး နောက်ကျိသွားလို့ဖြစ်ရတဲ့ အမြင်အာရုံဝေဝါးရောဂါ တစ်ခုပဲဖြစ်ပါတယ်။

မျက်စိအမြင်အာရုံဝေဝါးတာ၊ အလင်းရောင်ကောင်းကောင်း မမြင်ရတော့ဘဲ မှောင်မှိုင်းနေတာ၊ ညဘက်ကောင်းကောင်းမမြင်ရတာ၊ မြင်ကွင်းထဲမှာအမြင်အာရုံကို တားဆီး ကန့်သတ်နေတဲ့ အကွင်းအကွက် အပေါက်တွေရှိနေတာ၊ အလုပ်လုပ်ဖို့ စာဖတ်ဖို့ အတွက်အလင်းရောင်များများ လိုအပ်နေတာတွေကို ကြုံတွေ့နေရပြီဆိုရင်တော့ အတွင်း တိမ်ရောဂါရှိသူ‌တွေ ခံစားနေရတဲ့ ရောဂါလက္ခဏာတွေနဲ့ တူနေပါပြီ။

အတွင်းတိမ်ဆိုတာ လူတိုင်းဖြစ်နိုင်ပါတယ်။ အသက်ကြီးလာတာနဲ့အမျှ အိုမင်းခြင်း ကြောင့် မှန်ဘီလူးလေး နောက်ကျိလာပါတယ်။ ခရမ်းလွန်ရောင်ခြည်ကို အချိန် ကြာရှည်ထိတွေ့သူတွေ၊ ဆေးလိပ်သောက်သူတွေ၊ ဆီးချိုရောဂါရှိသူတွေ၊ မျက်လုံး ထိခိုက်ဒဏ်ရာရသူတွေ၊ အတွင်းတိမ်ဖြစ်လွယ်တဲ့မျိုးရိုးဗီဇရှိသူတွေ၊ အတွင်းတိမ် ဖြစ် စေနိုင်ခြင်း ဘေးထွက်ဆိုးကျိုးရှိတဲ့ ဆေးဝါးမှီဝဲနေရသူတွေဟာ အရွယ်မတိုင်မီ အတွင်းတိမ်ရောဂါကို ခံစားရနိုင်ပါတယ်။

အတွင်းတိမ်ရောဂါကို လုံးဝမဖြစ်အောင် ကာကွယ်နိုင်တဲ့နည်းလမ်းမရှိပါဘူး။ သို့ပေမယ့် ခရမ်း လွန်ရောင်ခြည်ကို ကာကွယ်ပေးတဲ့ နေကာမျက်မှန်တပ်ခြင်း၊ ဆေးလိပ်ဖြတ်ခြင်း၊ လတ်ဆက် သန့်ရှင်းတဲ့ အသီးအနှံအသားငါး စားသုံးပေးခြင်း၊ ဆီးချိုကဲ့သို့ မျက်လုံးကို ထိခိုက်စေနိုင်တဲ့ နာတာရှည်ရောဂါတွေ စနစ်တကျ ထိန်းသိမ်းကုသခြင်း၊ မျက်စိဆရာဝန်ဖြင့် မျက်လုံးကို အချိန်မှန်မှန် စမ်းသပ်စစ်ဆေး‌ပေးခြင်းတွေက အတွင်းတိမ် ရောဂါအတွက် ကောင်းကျိုးတွေရှိစေပါတယ်။

အတွင်းတိမ်ရောဂါအတွက် အထိရောက်ဆုံးကုသမှုကတော့ ခွဲစိတ်ကုသမှုပါ။ နောက်ကျိ နေတဲ့သဘာဝမှန်ဘီလူးလေးကို ခွဲစိတ်ဖယ်ထုတ်ပြီး ကြည်လင်နေတဲ့ အသွင်သဏ္ဍာန်တူ မှန်ဘီလူး ( artificial intraocular lens -IOL) ကို မျက်လုံးအတွင်းအစားထိုး ကုသရပါတယ်။ အန္တရာယ်မများလွန်းဘဲ ခွဲစိတ်အောင်မြင်နှုန်းလည်း မြင့်မားပါတယ်။ မျက်လုံးခွဲစိတ်ကုသလိုက်ခြင်းက အတွင်းတိမ်ရောဂါခံစားနေရသူ ဖိုးဖိုး၊ ဖွားဖွားတွေကို အမြင်အာရုံပြန်ကောင်းစေပြီး ရှင်သန်ရခြင်းကိုလည်း အဓိပ္ပါယ်ရှိစေပါတယ်။

မိသားစုမှာအတွင်းတိမ်စွဲနေသူ (ဖိုးဖိုးဖွားဖွား) တွေရှိခဲ့ရင် အမြင်အာရုံချို့တဲ့မှုအပေါ် နားလည်‌ပေးရပါမယ်။ စိတ်ခံစားမှု‌ နွေးထွေးစေဖို့အတွက် ချစ်ခြင်းမေတ္တာတွေနဲ့‌ ဖေးမ‌ပေးရပါမယ်။ နေ့စဉ်ပြုလုပ်နေကြကိစ္စတွေ‌ ဖြည်းဖြည်းနှေးနှေး လုပ်တာကို အပြစ်မမြင်သင့်ပါဘူး။

စာဖတ်ခြင်း၊ ချက်ပြုတ်ခြင်း၊ အိမ်သန့်ရှင်းရေးပြုလုပ်ခြင်း၊ သောက်ဆေးများပြင်ဆင်ခြင်း စတဲ့ကိစ္စတွေမှာ ကိုယ်တိုင်မလုပ်နိုင်ဘူးဆိုပါက အမြင်အာရုံကောင်းတဲ့ လူငယ်တွေက ဝိုင်းဝန်းကူညီပေးသင့်ပါတယ်။

အိမ်သာအထိုင်အထပြုလုပ်စဉ်၊ ရေချိုးခန်းအသုံးပြုစဉ်၊ လှေကားအတက်အဆင်း ပြုလုပ်စဉ်၊ အမြင်အာရုံချို့တဲ့မှုရဲ့ နောက်ဆက်တွဲ မတော်တဆချော်လဲမှုတွေ မဖြစ်ပေါ်စေဖို့ အမှီပြုစရာလက်ကိုင်တန်းတွေ တပ်ဆင်ထားပေးသင့်ပါတယ်။ အဘိုးအဘွားတွေ သွားလာနေထိုင်တဲ့ အခန်းများကိုအလင်းရောင် များများပြားပြား လုံလုံလောက်လောက် ရစေဖို့ ပြင်ဆင်ပေးပါ။

မျက်လုံးခွဲစိတ်ရန်အတွက် လုံလောက်တဲ့အခြေအနေတွေပေးခဲ့ပါက အဘိုးအဘွားတွေ အနေနဲ့ မလိုအပ်တဲ့ ကြောက်ရွံ့ခြင်းတွေ မခံစားရစေဖို့ အားပေးပါ။ အတွင်းတိမ် ခွဲစိတ်ခြင်းက အန္တရာယ်နည်း ပါးပြီး အောင်မြင်မှုများတဲ့ခွဲစိတ်မှုဖြစ်ကြောင်း လက်ခံလာအောင် မျက်လုံးခွဲစိတ်ခဲ့ဖူးသော အသက် အရွယ်အိုအဖိုးအဖွားတွေနဲ့ ပေးတွေ့ပါ။

ကျွန်‌တော်တို့ မြန်မာနိုင်ငံသားတွေဟာ စစ်ခေါင်းဆောင်လို အတွင်းတိမ်ကြီးကြောင့် မျှော်လင့်ချက် မှုန်ဝါးဝါးနဲ့ ပျောက်‌သောလမ်းမှာ စမ်းတဝါးဝါးဖြစ်နေပါပြီ။ အသုံးမဝင် တော့ဘဲ ဒုက္ခပေးနေတဲ့ စစ်ကောင်စီလို အတွင်းတိမ်ကို ညီညွတ်စွာနဲ့ ဖယ်ရှားရှင်းလင်းဖို့ အလွန်ပဲ လိုအပ်လှပါတယ်။

ဒါမှသာ တိုင်းပြည် အနာဂတ် မြင်ကွင်းကြည်လင်စေမှာမို့ စည်းလုံးစွာနဲ့ တော်လှန်ကြပြီး မကြာမီမှာ ပြန်လည် ကောင်းမွန်တဲ့ ဘဝကို အမြန်ဆုံးရရှိနိုင်ပါစေကြောင်း ဆန္ဒပြုလိုက်ရပါတယ်။

ဧရာဝတီတိုင်းမ် စာဖတ်သူပရိသတ်များလည်း အတွင်းတိမ်ရောဂါအကြောင်း နားလည် ပြီလို့ ယူဆပါတယ်။ နောက်တစ်ပတ်မှာတော့ မြန်မာနိုင်ငံဆေးကောင်စီက လျှစ်လျူပြုထားသော(လက်တလုံးခြားလုပ်စားနေသော) တရုတ်ဆေးခန်းများ အကြောင်းကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။ အားလုံးပဲကိုယ်စိတ်နှစ်ပါး ကျန်းမာ ချမ်းသာကြပါစေကြောင်း ဆုမွန်‌ကောင်းတောင်း‌ပေးပါတယ်။

#ကျန်းမာရေးအသိပညာပေးကဏ္ဍ #ပဋိပက္ခကာလအတွင်းရှင်သန်နေထိုင်ခြင်း #အတွင်းတိမ်စွဲကပ်ခြင်း #ဆောင်းပါး #Ayeyarwaddy_Times

(စစ်အာဏာသိမ်းမှုကြောင့် မြန်မာနိုင်ငံ၌ဖြစ်ပေါ်နေသည့် ပဋိပက္ခကာလအတွင်း ပြည်သူများ ကျန်းမာစွာရှင်သန်နေထိုင်နိုင်ရေးအတွက် “ပဋိပက္ခကာလအတွင်း ရှင်သန် နေထိုင်ခြင်း” (ကျန်းမာရေးအသိပညာပေးအစီအစဉ်) ကို ဧရာ၀တီတိုင်းမ် သတင်းဌာန အနေဖြင့် အပတ်စဉ် တနင်္ဂနွေနေ့နှင့် ဗုဒ္ဓဟူးနေ့တိုင်းတင်ဆက်သွားမည် ဖြစ်ပါ၍ စောင့်မျှော်ကြည့်ရှုကာ ကျန်းမာရေးအသိပညာများရယူနိုင်ပါကြောင်း သတင်း ကောင်းပါးအပ်ပါသည်။)