
ဧရာဝတီတိုင်းမ်
ဧပြီ ၂၇ ရက်
ပြီးခဲ့သည့်ရက်ပိုင်းတွင် စစ်ကောင်စီ လက်အောက်ခံ ရပ်ကွက်အုပ်ချုပ်ရေး တာဝန်ထမ်းဆောင်နေသူ အသတ်ခံရသဖြင့် ရန်ကုန်တိုင်း တောင်ပိုင်းခရိုင်အတွင်းရှိ တွံတေး၊ကော့မှူး၊ ကွမ်းခြံကုန်းနှင့် ဒလတို့တွင် တို့တွင် ည ၁၀ နာရီမှ မနက် ၅ နာရီအတွင်း ညမထွက်ရအမိန့် အချိန်ပြောင်းလဲသတ်မှတ် လိုက်ကြောင်းသတင်းရရှိသည်။
ဧပြီ ၂၄ ရက်နေ့ ည ၉ နာရီခန့်အချိန်တွင် ကွမ်းခြံကုန်းအပိုင် ကသစ်ကုန်းရွာရှိ စစ်ကောင်စီလက်အောက်ခံ ရာအိမ်မှူးအိမ်ကိုဝင်ရောက်ပစ်ခတ်ရာတွင် နှစ်ယောက်သေဆုံးသွားပြီးနောက် ညမထွက်ရအမိန့် ပြောင်းလဲသတ်မှတ်လိုက်ခြင်းဖြစ်ကြောင်း ကွမ်းခြံကုန်းဒေသခံတစ်ဦးက ပြောကြားသည်။
“ကျွန်တော်ရပ်ကွက်ထဲမှာ ညမထွက်ရအမိန့်အချိန်ပြောင်းလဲလိုက်တယ်လို့ လိုက်အော်တယ်။ ည ၁၀ ကနေ မနက် ၅ နာရီအထိမထွက်ရဘူး။ ရာအိမ်မှုးအိမ်ဝင်ပစ်ခံရလို့ ပြောင်းလိုက်တာ” ကွမ်းခြံကုန်းဒေသခံတစ်ဦးက ဆိုသည်။
အဆိုပါညမထွက်ရအချိန် တိုးမြှင့်သတ် လိုက်သဖြင့် ကော့မှူးမြို့နယ်အတွင်းရှိ ဥယျာဉ်ခြံလုပ်ငန်းအပါအဝင် ရော်ဘာစိုက်ပျိုးရေးလုပ်ငန်းများလုပ်သူများ အခက်ခဲဖြစ်ကြောင်း သိရသည်။
“ကော့မှူးမှာက ရော်ဘာလုပ်ငန်းတွေရှိတော့ မနက် ၄ နာရီဆို ရော်ဘာအစေးခြစ်ကြပြီ မနက် ၆ နာရီလောက်ဆိုပြီးတာပေါ့။ နောက်ကျမှထွက်ရတော့ အလုပ်မတွင်ကျယ်ဘူး။ စစ်မှုထမ်းဥပဒေနဲ့ နိုင်ငံခြားထွက်တဲ့သူတွေများတဲ့အပြင် အခုလိုသတ်မှတ်ချက်တွေ လုပ်လာတော့ လုပ်ငန်းတွေမှာ ပိုပြီးအခက်အခဲဖြစ်
တယ်” ဟု ကော့မှူးဒေသခံတစ်ဦးက ပြောကြားသည်။
စစ်ကောင်စီ အာဏာသိမ်းပြီးနောက် ရန်ကုန်တိုင်းအတွင်း ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၁၄၄ အရ ညမထွက်ရအမိန့် ကို ည ၁၂ နာရီမှ နံနက် ၄ နာရီသတ်မှတ်ထားရာမှ နံနက် ၁ နာရီမှ မနက် ၃ နာရီအဖြစ် ၂၀၂၃ ခုနှစ် အောက်တိုဘာတွင် ပြောင်းလဲသတ်မှတ်
ခဲ့သည်။
စစ်ကောင်စီပြင်ဆင်ထားသည့် ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၁၄၄ ကျူးလွန်သူများကို အနည်းဆုံး ထောင်ဒဏ် ခြောက်လမှ အများဆုံး ထောင်ဒဏ် သုံးနှစ်
အထိ ချမှတ်နိုင်ကြောင်း ပြဌာန်းထားသည်။
#ရန်ကုန်တောင်ပိုင်းခရိုင် #ကော့မှူး #ကွမ်းခြံကုန်း #တွံ့တေး #ဒလ #ညမထွက်ရအမိန့် #Ayeyarwaddy_Times