ဧရာဝတီတိုင်းမ်
ဧပြီ ၂၇ ရက်

စစ်မှုထမ်းဥပဒေအရ ဒုတိယအသုတ်မဲနှိုက်ရန် ကြိုးစားနေမှုအပေါ် ဧရာဝတီတိုင်းအတွင်းရှိ ပြည်သူများက မကျေနပ်မှုပိုများလာကြောင်း ဒေသခံများထံမှသိရသည်။

စစ်မှုထမ်းဥပဒေအရ စစ်တပ်အတွင်းဝင်ရောက်ရန် ပထမအကြိမ် မဲနှိုက်ရွေးချယ်ခဲ့ပြီး မဲပေါက်သူများအား ခေါ်ဆောင်ကာ သင်တန်းပေးနေချိန်တွင် ဒုတိယအကြိမ် စစ်မှုထမ်းရန် အတွက် စာရင်းကောက်ယူနေပြီး မဲနှိုက်ရန် ပြင်ဆင်နေသဖြင့် ပြည်သူများအေိဖြင့် မကျေနပ်မှု မြင့်တက်လာခြင်း ဖြစ်သည်။

“ပထမအကြိမ်မဲနှိုက်ပြီးလို့ ပါတဲ့သူတွေတောင်အကုန်မသွားရသေးဘူး။ အခုဒုတိယအကြိမ်နှိုက်ဖို့လူစာရင်းလာယူနေတော့ ဘယ်သူကကျေနပ်တော့မလည်းဗျာ ။ မဲမပေါက်တဲ့သူတွေလည်းဒုတိယတစ်ခါပြန်ထပ်နှိုက်ပေးရမယ်ဆိုတော့ ဘယ်သူမှမနှိုက်ချင်တော့ဘူး ။ အကုန်ခေါ်မယ်ဆိုလည်း တစ်ခါထဲခေါ် အခုက ပြည်သူကို စိတ်ဒုက္ခပေးနေတာ “ဟု ကျောင်းကုန်းမြို့နယ်မှ ဒေသခံအမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

စစ်မှုထမ်းရန် ဒုတိယအသုတ်အတွက် မဲထပ်နှိုက်ရန် သွားပြောသောအုပ်ချုပ်ရေးမှူး များအားပြည်သူများမှ ဆဲဆိုခြင်း ၊ ကိုယ်ထိလက်ရောက် ရန်လုပ်ခြင်းများကိုပါ ပြုလုပ်ခဲ့ကြကြောင်း အိမ်မဲမြို့နယ်ဒေသခံတစ်ဦးမှ ဧရာဝတီတိုင်းမ်ကိုပြောသည်။

“အိမ်မဲမြို့နယ်ထဲက ရွာမှာ လည်း စစ်မှုထမ်းမဲနှိုက်ဖို့ လူစာရင်းသွားကောက်တာ ရွာသားတွေက လက်မခံပဲ အုပ်ချုပ်ရေးမှူးကို ဝိုင်းဆဲပြီ စီးလာတဲ့ဆိုင်ကယ်ကိုပါ ကန်တာတို့ ရိုက်ခွဲတာတို့ပါလုပ်လိုက်တယ်။ ရဲခေါ်ပြီဖမ်းခိုင်းတော့ တစ်ရွာလုံး လုပ်တာလို့ပြောလိုက်တာ ရဲတွေလည်းဒီတိုင်းပဲပြန်သွားလိုက်ရတယ် “ဟု အိမ်မဲမြို့နယ်မှ ဒေသခံအမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

စစ်ကောင်စီ၏ ပထမအကြိမ်းမဲနှိုက်ရာတွင် အုပ်ချုပ်ရေးမှူးမိသားစုဝင်များ မဲမနှိိုက်ရခြင်း ၊ ငွေကြေးချမ်းသာသူများမဲ ပေါက်ခြင်းမျိုးမရှိပဲလက်လုပ်လက်စားသမားများ ရွေးပြီးမဲပေါက်နေသဖြင့် ပြည်သူများ မကျေနပ်မှု ပိုမိုများပြာလာနေကြောင်း ဒေသခံများထံမှသိရသည်။

ဓာတ်ပုံ-အပတ်စဥ် ၁ ပြည်သူ့စစ်မှုထမ်းသင်တန်းတက်နေကြရသည့် သင်တန်းသားများ

#စစ်မှုထမ်းရန် #စစ်ကောင်စီ #ဒုတိယအသုတ်မဲနှိုက် #ဧရာဝတီတိုင်း #ပြည်သူများ #မကျေနပ်မှုပိုဖြစ်လာ #Ayeyarwaddy_Times