
နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဧပြီ ၂၇ ရက်
မြန်မာ-တရုတ် နှစ်နိုင်ငံတရားဥပဒေ စိုးမိုးရေးနှင့် လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ကိစ္စရပ်များ ဆွေးနွေးရန်အတွက် တရုတ်နိုင်ငံသို့ စစ်ကောင်စီ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် ရောက်ရှိနေပြီး လာမည့်မေလအတွင်း ပဉ္စမအကြိမ် (၅ ကြိမ်မြောက်) ဟိုင်ဂင်အစည်းအဝေး ကျင်းပဖွယ်ရှိနေကြောင်း သိရသည်။
ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်သည် တရုတ်နိုင်ငံတော်ကောင်စီဝင်၊ ပြည်သူ့လုံခြုံရေး ဝန်ကြီး ဝမ်ကျားဟောင် (Wang Xiao Hong) ၏ ဖိတ်ကြားချက်အရ တရုတ်နိုင်ငံသို့ ဧပြီ ၂၄ ရက်မှ ၂၉ ရက်အထိ အလုပ်သဘော ရောက်ရှိနေခြင်းဖြစ်ကြောင်း သိရသည်။
ပြည်သူ့လုံခြုံရေးဝန်ကြီး ဝမ်ကျားဟောင် (Wang Xiao Hong) သည် စစ်ကောင်စီ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်ကို ဧပြီ ၂၅ ရက်နေ့တွင် ပေကျင်း မြို့တော်၌ တွေ့ဆုံခဲ့ပြီး ထိုသို့တွေ့ဆုံစဉ် နှစ်နိုင်ငံကြား တရားဥပဒေ စိုးမိုးရေးနှင့် လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ရန်၊ လောင်းကစား၊ မူးယစ်မှောင်ခိုမှု နှင့် နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုများ နှိမ်နင်းရေးအတွက် ပူးပေါင်းဆောင်ရွက်မှု အရှိန် မြှင့်ရန် ဆွေးနွေးခဲ့ကြောင်း ဆင်ဟွာသတင်းဌာန၏ ဖော်ပြချက်အရ သိရသည်။
စစ်ကောင်စီ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်သည် ၎င်း၏ ၆ ရက်တာ တရုတ်ခရီးစဉ်တွင် ပဉ္စမအကြိမ်မြောက် ဟိုင်ဂင်အစည်းအဝေး ကျင်းပရန်နှင့် ဟိုင်ဂင်တွင် ရခိုင်အရေး ထည့်သွင်းဆွေးနွေးရန် ပါလာနိုင်ကြောင်း နှစ်ဖက် အသိုင်းအဝိုင်းနှင့် နီးစပ်မှုရှိသည့် သတင်းရင်းမြစ် တစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
“သိရသလောက် မေလထဲမှာ ဟိုင်ဂင် ၅ ကြိမ်မြောက် ဆွေးနွေးပွဲရှိတယ်။ ဖြစ်မဖြစ် မသေချာသေးဘူး။ ၄ ကြိမ်မြောက် ဆွေးနွေးထားချက်တွေ ဘယ်လောက်အကောင်အထည် ဖော်သလဲဆိုတာ စစ်ကောင်စီဖက်ကလည်း မူတည်တယ်။ တရုတ်က လိုလားနေတာတွေ စစ်ကောင်စီက မပေးနိုင်ဘူး။ ဥပမာ ceasefire monitoring, trade, border cooperation(အပစ်အခတ်ရပ်စဲရေး စောင့်ကြည့်ရေး၊ ကုန်သွယ်ရေး၊ နယ်စပ် ပူးပေါင်းဆောင်ရွက်ရေး) ” ဟု ၎င်းက ဆိုသည်။
တရုတ်နိုင်ငံ၏ ကြား၀င်စေ့စပ်မှုဖြင့် စစ်ကောင်စီနှင့် မြောက်ပိုင်းညီနောင် မဟာမိတ်သုံးဖွဲ့ဖြစ်သည့် ကိုးကန့်တပ်မတော် (MNDAA) ၊ တအာင်းတပ်မတော်(TNLA) ၊ ရက္ခိုင့်တပ်တော်(AA) တို့အကြား တွေ့ဆုံမှုသည် လက်ရှိတွင် စတုတ္ထအကြိမ်မြောက် ရှိပြီဖြစ်ပြီး ဟိုင်ဂင် သဘောတူညီချက်များအတိုင်း ပစ်ခတ်မှု ရပ်စဲရေးကို သဘောတူကာ ဆက်လက်ဆွေးနွေးမှုများ ပြုလုပ်သွားမည်ဟု သတင်းများအရ သိရသည်။
“မြောက်ပိုင်းအဖွဲ့တွေနဲ့ရော၊ ကရင်ပြည်နယ်က ကျားဖြန့်လုပ်ငန်းတွေရော ဒါတွေ အကုန် ပါမယ်ထင်တယ်။ ဘာဖြစ်လို့လည်းဆိုတော့ သူက လုံခြုံရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုလို့ ပြောထားတာကိုး။ အဲတော့ အကုန်ပါနိုင်ပါတယ်။ မြောက်ပိုင်းအဖွဲ့ တွေနဲ့လည်း ရေရှည်ငြိမ်းချမ်းရေး ရဖို့ကိစ္စတွေ ဘာတွေလည်း ပါနိုင်တယ်” ဟု တရုတ်-မြန်မာအရေး လေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇောက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ပြီးခဲ့သည့် စတုတ္ထအကြိမ်( ၄ ကြိမ်မြောက်) ဟိုင်ဂင် ဆွေးနွေး ပွဲရလဒ်များကိုမူ နှစ်ဖက်စလုံးက ထုတ်ဖော်ပြောဆိုခြင်း မပြုကြရန် သဘောတူညီခဲ့သော်လည်း သတင်းအချို့ ထွက်ပေါ်လာခဲ့ပြီး မှန်ကန်မှုရှိခဲ့သလို တရုတ်-မြန်မာနယ်စပ် ကုန်သွယ်ဂိတ် များမှ ရရှိသော ငွေဝင်ခွန် အချိုးချခြင်းသည်ကိစ္စရပ်သာ ကောလာဟလသာဖြစ်သည်ဟု စစ်ကောင်စီက ငြင်းဆိုခဲ့သည်။
စတုတ္ထအကြိမ် ဟိုင်ဂင် ဆွေးနွေးပွဲအရ သဘောတူညီမှု ရရှိခဲ့သော အချက်များတွင် ကိုးကန့်တပ်ဖွဲ့ (MNDAA) ကို ရှမ်းပြည်နယ်၊ ကိုးကန့် အထူးဒေသ၏ တရားဝင် အစိုးရအဖြစ်လည်းကောင်း၊ ညီနောင်သုံးဖွဲ့ သိမ်းယူထားသည့် နယ်မြေများနှင့် မြို့များကို ၎င်းတို့ အပိုင်အဖြစ်လည်းကောင်း စစ်ကောင်စီက အသိ အမှတ်ပြုပေးခဲ့ရပြီး နှစ်ဖက်တပ်ဖွဲ့ဝင်များအနေဖြင့် သဘောတူညီထားသည့် နယ်မြေများမှ ရှေ့ဆက်မတိုးဘဲ တပ်ချင်းခွာထားရန်ဖြစ်ကြောင်း သိရသည်။
“KIA (ကချင်လွတ်လပ်ရေးတပ်မတော်) ကတော့ နည်းနည်းမှ ဒီဆွေးနွေးပွဲထဲမှာ မပါဘူးလို့တောင် ပြောထားတယ်လို့ ကြားရတယ်ဗျ။ အဲဒီတော့ ရာခိုင်နှုန်းပြည့် သူ့ဘာသာသူ ယူမယ့်သဘောရှိတယ်။ အဲဒါကို လိုက်လျောရမယ့်ပုံ ရှိတယ်။ သူတို့(စစ်ကောင်စီ)လည်း ပြန်တိုက်နိုင်မယ် မထင်ဘူး။ တောင်ပိုင်းက ကျားဖြန့် လုပ်ငန်းတွေကတော့ ဒီထက်ပိုပြီး ဖိအားတွေ ပိုလာလိမ့်မယ်ထင်တယ်” ဟု ဒေါက်တာ လှကျော်ဇောက ဆိုသည်။
ဓာတ်ပုံ – စစ်ကောင်စီ
#တရုတ်နိုင်ငံ #စစ်ကောင်စီပြည်ထဲရေးဝန်ကြီး #မေလ #ပဉ္စမအကြိမ် #ဟိုင်ဂင်အစည်းအဝေး #ကျင်းပဖွယ်ရှိ #Ayeyarwaddy_Times