ဧရာဝတီတိုင်းမ်
ဧပြီ ၂၇ ရက်

ဧရာဝတီတိုင်း၊ ကြံခင်းမြို့နယ်၊ အကောက်တောင်ခြေ၊သောကြာဒူးကျေးရွာအနီးရှိ ဧရာဝတီမြစ်အတွင်း ယနေ့ ဧပြီလ ၂၇ ရက်နေ့ နံနက် ၈ နာရီဝန်းကျင်တွင် လူငယ် ငါဦး ရေဆင်းချိုးရာ လေး ဦး ရေနစ်သေဆုံးသွားကြောင်း ဒေသခံများထံက သိရသည်။

အဆိုပါရေနစ်သေဆုံးသည့် လူငယ်များသည် ကြံခင်းမြို့ နယ်ခံသားများမဟုတ်ပဲ မြန်အောင်မြို့နယ်၊ အင်ပင်မြို့မှ လူငယ်များဖြစ်ကြကြောင်း ဒေသခံများကပြောသည်။

“အန္တရာယ်အရမ်းများလို့ သင်္ကြန်ကျော်ပြီးကတည်းက ဒီနေရာမှာရေမချိုးဖို့ ဖျက်သိမ်းထားတာ။ သောကြာဒူးကမ်းခြေလို့လဲခေါ်ကြတယ်။ လူငယ်တွေဆိုတော့ ရေနစ်တဲ့နေရာမှန်းမသိပဲ ဆင်းကူးကြတာ။ ခုတော့အကုန်ဆယ်လို့ရပြီး စစ်ဆေးနေကြတယ်”ဟု သောကြာဒူးကျေးရွာရှိ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

ရေနစ်သေဆုံးသွားသည့် လူငယ်များမှာ မောင်လင်းလက်သာ၊မောင်သော်ဇေယျာထွန်း၊ မောင်သွင်ညီညီဇော်၊ မောင်ဟိန်းစည်သူစိုး အပါအဝင် လူငယ်လေးဦးသေဆုံးခဲ့ပြီး မောင်မင်းခန့်ကိုမှာ အသက်ဘေးက လွတ်မြောက်ခဲ့ကြောင်း သိရသည်။

မောင်လင်းလက်သာနှင့် မောင်သော်ဇေယျာထွန်းမှာ အသက် ၁၅ နှစ်ဖြစ်ပြီး အင်ပင်မြို့၊ ကြံခင်းလမ်း၊ အမှတ် ၁ရပ်ကွက်တွင်နေထိုင်ကာ မောင်သွင်ညီညီဇော်နှင့် မောင်ဟိန်းစည်သူစိုးမှာအသက် ၁၇ နှစ်ဖြစ်ပြီး အင်ပင်မြို့၊ ကြံခင်းလမ်း၊ အမှတ် ၄ ရပ်ကွက်တွင်နေထိုင်ကြောင်းသိရသည်။

ရေနစ်သေဆုံးခဲ့သည့် လူငယ် လေးဦး၏ အလောင်းများကိုလက်ရှိ ကြံခင်းမြို့၊ ဆိပ်သာတိုက်နယ်ဆေးရုံတွင် စစ်ဆေးမှုများပြုလုပ်နေပြီး အင်ပင်မြို့သို့ ပြန်၍သယ်ယူရန် စီစဥ်နေကြကြောင်း ဒေသခံများကပြောသည်။

#ကြံခင်းမြို့ #အကောက်တောင် #ဧရာဝတီမြစ် #လူငယ်၅ဦး #ရေဆင်းချိုး #လူငယ်၄ဦးရေနစ်သေဆုံး #Ayeyarwaddy_Times