
ဧရာဝတီတိုင်းမ်
(မြဝတီ)၊ ဧပြီ ၂၇ ရက်
ထိုင်း-မြန်မာနယ်စပ်ရှိ မြဝတီ-မဲဆောက် အမှတ်(၁) ချစ်ကြည်ရေးတံတားကို မြန်မာနိုင်ငံဘက်မှ ဝင်ခွင့်ပိတ်ထားခဲ့ပြီးနောက် ယနေ့ ဧပြီ ၂၇ ရက်နေ့ နံနက် ၁၀ နာရီ ဝန်းကျင်တွင် ပြန်လည်ဖွင့်လှစ် ခဲ့ကြောင်း သိရသည်။
မြဝတီ-မဲဆောက် အမှတ်(၁)တံတားမှာ မဲဆောက်မြို့ဘက်မှ ပုံမှန်အတိုင်း ဖွင့်လှစ်ထားပြီး မြန်မာနိုင်ငံဘက်သို့ ဝင်ရောက်ခွင့်ရသော်လည်း မြန်မာဘက်မှ ထိုင်းနိုင်ငံ မဲဆောက်မြို့ဘက်သို့ ဝင်ရောက်ခွင့်ပိတ်ပင်ထားပြီး ၆ ရက်မြောက်နေ့တွင် ယခုကဲ့သို့ တံတား ဖြတ်သန်းခွင့် ပြန်လည်ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။
“၆ ရက်ကြာ မဖွင့်တဲ့တံတား ပြန်လည်ဖွင့်တဲ့အတွက်ကြောင့် ကျန်းမာရေးသမားရော၊ စီးပွားသမားရော၊ စစ်ရှောင်ရော စစ်ရှောင်က နှစ်ပိုင်းရှိတယ်။ တိုက်ပွဲဖြစ်တာနဲ့ သဘာဝအတိုင်းထွက်ပြေးတဲ့ စစ်ရှောင်နဲ့ နောက်တစ်ပိုင်းကတော့ ၇ ရက်၊ ၁၄ ရက် နဲ့ မြဝတီမှာ လက်မှတ်လုပ်ပြီး စစ်ရှောင်လို့ရတယ်။ အသိအိမ်မှာနေလို့ရတယ် ဟိုတယ် မှာနေလို့ရတယ်။ အဲ့ဒီလိုလူတွေလည်း ရှိပါတယ်။ အဲ့တာကြောင့် တံတားပြန်လည် ဖွင့်လှစ်တာဝမ်းသာပါတယ်” ဟု ထိုင်းနိုင်ငံ မဲဆောက်တွင် နေထိုင်သည့် မြန်မာအမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
မြန်မာနိုင်ငံဘက်မှာ ပိတ်ထားပြီး ယခုအခါအမှတ်(၁) တံတား ပုံမှန်အတိုင်း ပြန်လည်ဖွင့်လှစ်လိုက်သော်လည်း မဲဆောက်ဘက်ခြမ်းတွင် နေထိုင်ခွင့်လက်မှတ်ဖြင့် နေထိုင်သူများအနေဖြင့် ရက်လွန်ကြေးပေးဆောင် နေရကြောင်းလည်း သိရသည်။
မြဝတီမြို့အနီး တိုက်ပွဲများဖြစ်ပွားနေ၍ ပြီးခဲ့သည့် ဧပြီ ၂၁ ရက်နေ့ နံနက်ပိုင်းတွင် မြန်မာနိုင်ငံဘက်အခြမ်းမှ စတင်ကာ တံတားဖြတ်သန်း သွားလာခွင့်ကို ပိတ်ပင်ခဲ့ခြင်း ဖြစ်သည်။
ဓာတ်ပုံ – ပေးပို့
ပုံစာ- အမှတ်(၁) ချစ်ကြည်ရေးတံတား
#မြဝတီ #မဲဆောက် #အမှတ်၁ချစ်ကြည်ရေးတံတား #ပြန်လည်ဖွင့်လှစ် #Ayeyarwaddy_Times