
ဧရာဝတီတိုင်းမ်
ဧပြီ ၂၆ ရက်
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်နှင့် မောင်တောမြို့နယ်များအတွင်း စစ်ကောင်စီနှင့် မူဆလင်အကြမ်းဖက်အဖွဲ့များ ပူးပေါင်း၍ အကြမ်းဖက်လုပ်ရပ်များ လုပ် ဆောင်နေသည့်အပြင် အာရက္ခတပ်တော် (AA) နှင့် စစ်ကောင်စီတို့ တိုက်ပွဲများ ဖြစ်ပွား နေသည့်အတွက် ယနေ့ ဧပြီ ၂၆ရက်နေ့မှစတင်၍ ညမထွက်ရ အမိန့်ကို AA က ထုတ်ပြန်ခဲ့သည်။
အာရက္ခတပ်တော်(AA)က ဘူးသီးတောင်နှင့်မောင်တောမြို့နယ်ရှိ ပြည်သူများကို ယနေ့ မှ စတင်၍ ည ၇နာရီမှ နံနက် ၆ နာရီအချိန်အတွင်း ညမထွက်ရအမိန့်ကို ထုတ်ပြန် လိုက်ကြောင်း သိရသည်။
ရခိုင်ပြည်နယ်အတွင်း စစ်ကောင်စီ နှင့် အာရက္ခတပ်တော်တို့ တိုက်ပွဲများ ဆက် လက်ဖြစ်ပွားလျက်ရှိပြီး ဘူးသီးတောင်၊ မောင်တော၊ အမ်း၊ သံတွဲမြို့များတွင် တိုက်ပွဲများ နေ့စဉ်ရက်ဆက် ရှိနေဆဲဖြစ်ကြောင်း သိရသည်။
အထူးသဖြင့် ဘူးသီးတောင်၊ စကခ (၁၅) အား အပြီးသတ်သိမ်းပိုက်ရယူနိုင်ရေးအတွက် ဖြစ်ပွားလျက်ရှိသော တိုက်ပွဲများကြောင့် ဘူးသီးတောင်မြို့နယ်တွင် တိုက်ပွဲများမှာ ပိုမိုပြင်းထန်လျက်ရှိသည်ဟု AA က ဆိုထားသည်။
ပြင်းထန်သောတိုက်ပွဲများနှင့်အတူ စစ်ရှုံး စစ်ကောင်စီသည် အာရက္ခ ဒေသအတွင်း မတူညီသော လူ့အဖွဲ့ အစည်းများအကြားတွင် ဘာသာရေး၊ လူမျိုးရေးပဋိပက္ခများ ဖြစ်ပွားလာ စေရန် ကြိုးစားနေသကဲ့သို့ မူဆလင်လူမျိုးများအား စစ်သင်တန်းပေး၍ တိုက်ပွဲများအတွင်းတွင် အသုံးပြုနေခြင်း၊ မူဆလင်အကြမ်းဖက်အဖွဲ့များအား လက်နက် များတပ်ဆင်ပေးခြင်း စသည်တို့ကိုပြုလုပ်ကာ ယုတ်ညံ့သော နိုင်ငံရေးအောက်လုံး များကိုသုံးပြီး လူမျိုးရေးပဋိပက္ခဖြစ်ပွားစေရန် ရည်ရွယ်ချက်ရှိရှိဖြင့် ဖန်တီး လုပ်ဆောင်လျက်ရှိသည်ကို ထင်ရှားစွာ တွေ့မြင်နေရသည်ဟု AA က ထုတ်ပြန် ထားသည်။
အခြားတစ်ဖက်တွင် မူဆလင်အကြမ်းဖက်အဖွဲ့များသည် တစ်ဖွဲ့ချင်းသော် လည်းကောင်း၊ စစ်ကောင်စီနှင့်အတူ ပူးပေါင်း၍သော်လည်းကောင်း၊ စစ်ကောင်စီသင်တန်းဆင်း မူဆလင်များမှ သော်လည်းကောင်း အာရက္ခတပ်တော်အား ခပ်စိပ်စိပ်တိုက်ခိုက်လာခြင်း၊ မူဆလင်မဟုတ်သည့် အခြားသော ပြည်သူပိုင် ပစ္စည်းဥစ္စာ များအား ဖောက်ထွင်း ခိုးယူခြင်း၊ လူနေအိမ်များအားမီးရှို့ခြင်းစသည့် အာရက္ခပြည်သူလူထုတို့၏အသက်၊ အိုးအိမ်၊ စည်းစိမ်နှင့် လုံခြုံရေးတို့ကို ခြိမ်းခြောက်နေသော အကြမ်းဖက်လုပ်ရပ်များအား ဘူးသီးတောင်နှင့် မောင်တောဒေသများ၌ ဆက်တိုက်ပြုလုပ်လာသောကြောင့် အဆို ပါဒေသများတွင် ညမထွက်ရအမိန့်ကို ထုတ်ပြန်ခြင်း ဖြစ်ကြောင်း AA ၏ ထုတ်ပြန် ချက်အရ သိရသည်။
ဤညမထွက်ရအမိန့်အား ထုတ်ပြန်လိုက်သည့်နေ့မှစ၍ ထုတ်ပြန်ချက်အား ရုတ်သိမ်း ကြောင်း မထုတ်ပြန်မချင်း ဘူးသီးတောင်နှင့်မောင်တောဒေသတွင် နေထိုင်ကြသော မိဘပြည်သူများအနေဖြင့် မပျက်မကွက် လိုက်နာကြပါရန် အသိပေးမေတ္တာရပ်ခံ အပ်ပါသည်ဟု AA က ဆိုသည်။
လိုက်နာရန် ပျက်ကွက်သူများရှိပါက ထိုက်တန်သော အပြစ်ပေး အရေးယူမှုများကို လုပ်ဆောင်သွားမည်ဖြစ်ပြီး အကယ်၍ မိဘပြည်သူများအနေဖြင့် မဖြစ်မနေသွားလာ ရမည့်ကိစ္စရပ်များရှိလာပါက သက်ဆိုင်ရာ ULA အုပ်ချုပ်ရေးတာဝန်ခံများထံ ကြိုတင် အကြောင်းကြားကာ ခွင့်ပြုချက်ရယူပြီးမှ သွားလာကြပါရန် AA က အသိပေးထားသည်။
#ဘူးသီးတောင် #မောင်တော #AA #ညမထွက်ရအမိန့် #ထုတ်ပြန် #Ayeyarwaddy_Times