ဧရာဝတီတိုင်းမ်
(မြစ်ကြီးနား)၊ ဧပြီ ၂၆ ရက်

ကချင်ပြည်နယ်၊ မြစ်ကြီးနားအကျဉ်းထောင် ဆန္ဒပြမှုဖြစ်စဉ်အတွင်း စစ်ကောင်စီတပ်နှင့် ရဲတပ်ဖွဲ့ဝင်များ၏ ပစ်ခတ်ဖြိုခွဲမှုကြောင့် အကျဉ်းသား လေး ဦးနေရာတွင်ပင် သေဆုံးခဲ့ပြီး နောက်ထပ်တစ်ဦးမှာ ဧပြီ ၂၁ ရက်နေ့က ထပ်မံသေဆုံးသွားကြောင်း သိရသည်။

ထို့ပြင် ဆန္ဒပြမှုအတွင်း ပါဝင်သည်ဟူသည့် အကြောင်းပြချက်ဖြင့် နိုင်ငံရေးအကျဉ်းသားများအပါအဝင် အကျဉ်းသား ၁၉ ဦးကို တိုက်ပိတ်ထားကာ ထောင်တွင်းပြစ်ဒဏ်ချမှတ်ရန် ပြင်ဆင်နေပြီး ဆန္ဒပြမှုဖြစ်စဉ်တွင် ဒဏ်ရာရရှိခဲ့သူများအနက် ငါး ဦးမှာလည်း ဆေးကုသမှုဆက်လက်ခံယူနေရကြောင်းလည်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM) ထံက သိရသည်။

“ဆေးဝါးကုသမှုလိုအပ်တယ်ဆိုတဲ့ ငါးဦးကတော့ ဆေးဝါးကုသမှုခံယူရဆဲလို့သိရတယ်။ ဒါပေမယ့် သူတို့တွေကို စစ်ဆေးရုံမှာ ကု သလား၊ မြစ်ကြီးနားပြည်သူ့ဆေးရုံ‌ပေါ့နော် အဲ့မှာကုသလားဆိုတာကတော့ ကျွန်တော်တို့ ကောင်းကောင်းပြောဖို့ခက်နေဆဲဖြစ်ပါသေးတယ်ဗျ။ ဒီမြစ်ကြီးနား အကျဉ်းထောင်ကိစ္စဆိုတာက တော်တော်လေးဟော့တဲ့ ကိစ္စတခုဖြစ်တယ်ပေါ့‌နော်။အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုကို အကျဉ်းထောင်ထဲမှာ လက်နက်မဲ့တဲ့ အကျဉ်းသားတွေကို သတ်ဖြတ်ခဲ့ကြတာဖြစ်တယ်” ဟု PPNM တာဝန်ရှိသူတစ်ဦးဖြစ်သူ ကိုသိုက်ထွန်းဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ထို့ပြင် စစ်ကောင်စီက အဆိုပါဆန္ဒပြမှုဖြစ်စဉ်ပြီးနောက် ဧပြီလ ၂၄ ရက်နေ့တွင် စစ်ကောင်စီ လက်‌အောက်ခံ စုံစမ်းစစ်ဆေးရေးအဖွဲ့၊ စရဖ၊ SB(သတင်းတပ်ဖွဲ့) တို့မှ ထောင်ပိုင်လေး ကျော်မင်းဦး၊ ထောင်ဆေးရုံ ဆရာဝန်ထွန်းထွန်းအောင် အပါအဝင် ထောင်ဝန်ထမ်း ငါး ဦးကို ဖမ်းဆီး ထိန်းသိမ်း ခဲ့ကြောင်းလည်း သိရသည်။

“ထောင်ပိုင်တို့ ထောင်ဆရာဝန်တို့ဖမ်းဆီးခံရတဲ့ကိစ္စက ထောင်ဆူလို့ ဖမ်းတာနဲ့မဆိုင်ဘူးလို့ထင်ပါတယ်။ အကျဉ်းသားတွေကို အခုလိုအကြမ်းဖက်လေ စစ်ကောင်စီက ကြိုက်လေပဲ။ အဲ့တာကို အခုကဖမ်းခံရတယ်ဆိုတော့ မူးယစ်ဆေးဝါးတို့ ဒါမှမဟုတ် တားမြစ်ပစ္စည်း သွင်းပေးတာတို့ ၊ လာဘ်စားတဲ့ကိစ္စတွေနဲ့ ဖမ်းတာဖြစ်နိုင်တယ်” ဟု နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးက ဧရာဝတီတိုင်းမ်ကို သုံးသပ်ပြောဆိုသည်။

မြစ်ကြီးနားအကျဉ်းထောင်ဆန္ဒပြမှု ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဧပြီ ၁၈ ရက်နေ့က ပေးသည့် လွတ်ငြိမ်းချမ်းသာခွင့်တွင် အကျုံးဝင်သော်လည်း လွတ်မြောက်ခြင်းမရှိသည့် အကျဉ်းသားတစ်ချို့နှင့် အကျဉ်းထောင်ဝန်ထမ်းများ အချေတင်ဖြစ်ရာမှ စတင်ခဲ့ပြီး စစ်တပ်က အကြမ်းဖက်နှိမ်နှင်းရာမှ အစုလိုက်အပြုံလိုက်သေဆုံးခဲ့ခြင်းဖြစ်သည်။

သတ်ဖြတ်ခံရမှုကြောင့် သေဆုံးခဲ့ရသူများမှာ နိုင်ငံရေးအကျဉ်းသား ကိုကျော်စိုးဝင်း (၂၄)နှစ်၊ နိုင်ငံရေးအကျဉ်းသား ကိုအောင်နိုင်ထွန်း (၂၂)နှစ်၊ အခြားအကျဉ်းသား ဦးညွန့်ဌေး (၄၂) နှစ်၊ အခြားအကျဉ်းသား ဦးထွန်းဝင်း (၄၃) နှစ် နှင့် အခြားအကျဉ်းသား ကိုယိန်းဘောမ် ဆိုသူတို့ဖြစ်ကြောင်းလည်း သိရသည်။

ဓာတ်ပုံ – အင်တာနက်
#မြစ်ကြီးနားထောင် #အကျဉ်းသားသေဆုံး #ဆန္ဒပြ #စစ်ကောင်စီအကြမ်းဖက်ဖြိုခွင်း #Ayeyarwaddy_Times