နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဧပြီ ၂၆ ရက်

ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်တွင် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီ၏ ယာဉ်တန်းကို ယနေ့ ဧပြီ ၂၆ ရက်တွင် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ ဖောကား တစ်စီး ထိမှန်ပျက်စီး၍ တပ်ဖွဲ့ဝင် အများအပြား သေဆုံးခဲ့ကြောင်း ကျားဖြူစစ်ကြောင်းထံက သိရသည်။

ဘားအံမြို့မှ မြဝတီမြို့သို့ ဖောကား သုံးစီး၊ အင်အား ၅၀ ဝန်းကျင်ဖြင့် စစ်ကြောင်းထိုးလာသည့် အဆိုပါစစ်ကောင်စီ စစ်ယာဉ်တန်းကို ကော့ဝလက်ကျေးရွာတွင် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ စစ်ကြောင်းမှူးအပါအဝင် ၁၀ ဦးထက်မနည်း သေဆုံးကာ တော်လှန်ရေးတပ်ဖွဲ့ဘက်မှ တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“တိုက်ပွဲက မနက်ကလည်း ဖြစ်တယ်၊ နေ့လည်ကလည်း ဖြစ်တယ်၊ ဒီနေ့နေ့လည် ၃ နာရီအထိ ဖြစ်နေတယ်ပေါ့။ ကျွန်တော်တို့ တော်လှန်ရေးအဖွဲ့တွေကနေပြီး တစ်စီး ပစ်ချနိုင်ခဲ့တယ်။ အဲဒီမှာ ရန်သူဘက်က ၁၀/၁၅ ယောက်လောက် ကျတယ်။ စစ်ကြောင်းမှူးတစ်ယောက် ကျတယ်လို့လည်း သိရှိရတယ်။ နာမည်တွေဘာတွေတော့ မသိရှိရသေးဘူး” ဟု ကျားဖြူစစ်ကြောင်းမှ ဒုစစ်ကြောင်းမှူး ဗိုလ်မှူးကျော်ဟိန်းက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ကော့ကရိတ်မြို့အတွင်း နေ့စဉ်နှင့်အမျှ တိုက်ပွဲများ ဖြစ်ပွါးနေသောကြောင့် စစ်ကောင်စီ၏ စစ်ကြောင်းများသည် ကော့ကရိတ်-မြဝတီ အာရှလမ်းမတကြောကို မထိုးဖောက်နိုင်ဘဲ လက်ရှိတွင် တောနော် ရေတံခွန်အနီး၌သာ ရပ်တန့်နေကြောင်း ဗိုလ်မှူးကျော်ဟိန်းက ဆက်လက်
ပြောသည်။

ဒုစစ်ခေါင်းဆောင် ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းကိုယ်တိုင် ကွပ်ကဲသော စစ်ကောင်စီ၏ နိုင်ငံအဆင့် “အောင်ဇေယျ” စစ်ဆင်ရေး စစ်ကြောင်းသည် ပြီးခဲ့သည့် ဧပြီ ၁၁ ရက်ကတည်းက ကော့ကရိတ်မြို့သို့ သံချပ်ကာယာဉ် ရှစ်စီးအပါအဝင် ကားအစီးရေ ၂၂ စီးဖြင့် မြ၀တီမြို့ ခလရ ၂၇၅ တပ်ရင်းကို စစ်ကူရန် ထိုးစစ်ဆင် လာခဲ့ခြင်းဖြစ်သည်။

အဆိုပါစစ်ကောင်စီ စစ်ကြောင်းကို ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA)မှ ဦးဆောင်၍ တော်လှန်ရေးတပ်ဖွဲ့များက ဖြတ်တောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ သံချပ်ကာယာဉ်နှင့် ဖောကားများအပါအ၀င် တပ်ဖွဲ့ဝင် ၁၀၀ ကျော်ထိခိုက်သေဆုံးခဲ့ကြောင်း ယခုရက်ပိုင်းအတွင်း ကရင်
အမျိုးသားအစည်းအရုံး (KNU) က ထုတ်
ပြန်ထားသည်။

#ကော့ကရိတ်မြို့ #KNU #စစ်ကောင်စီယာဉ်တန်း #တိုက်ခိုက်ခံရ #စစ်ကြောင်းမှူး #အများအပြား သေဆုံး #Ayeyarwaddy_Times