အယိုက်လင်း/ဧရာဝတီတိုင်းမ်
ဧပြီ ၂၆ ရက်

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်၊ ဝမ္မသူးကျေးရွာရှိ ဆေးရုံကို စစ်ကောင်စီက လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် လေးဦး သေဆုံးကာ ၁၅ ထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံက သိရသည်။

မင်းတပ်မြို့နယ်၊ ဝမ္မသူးကျေးရွာတွင် အရပ်သား အများအပြား ဆေးကုသမှု ခံယူနေကြသည့် ဝမ္မသူးဆေးရုံကို ယမန်နေ့ ဧပြီလ ၂၅ ရက်၊ ညနေ ၈ နာရီခန့်တွင် စစ်ကောင်စီက ဂျက်ဖိုက်တာ တစ်စီးဖြင့် နှစ်ကြိမ်ခန့်လာရောက်ပြီး ဗုံးသီး အလုံးရေ ၅၀ ကျော် ကြဲချခဲ့ခြင်းဖြစ်သည်။

“မနေ့ညနေက တိုက်နယ် ၂ ဘက်က ဝမ္မသူးဆေးရုံကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်သွားတာဖြစ်ပါတယ်။ လေးဦး သေဆုံးသွားပြီးတော့ လူနာစောင့်က ၁၅ ယောက်လောက် ထိခိုက်ဒဏ်ရာရတယ်။ အဲ့ဒီ တိုက်နယ် ၂ ဘက်မှာ တိုက်ပွဲမရှိတာလည်း တစ်နှစ်လောက်ရှိပြီ။ နယ်ဘက်က အရပ်သားအများစု ဆေးကုသနေကြတဲ့ ဆေးရုံလည်းဖြစ်တယ်။ စစ်တပ်က အရပ်သား လူနာရှိတဲ့ ဆေးရုံကို စစ်တပ်က ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ခဲ့တာလို့ဘဲ မြင်တယ်။”ဟု လူမှုကူညီရေးဆောင်ရွက်နေသူ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

အဆိုပါ စစ်ကောင်စီ၏ လေကြောင်း တိုက်ခိုက်မှု ပြုလုပ်သည့် အကြောင်းအရင်းကို မသိရှိရသေးကြောင့် ဝမ္မသူးကျေးရွာသည် မင်းတပ်မြို့နှင့် ၂၂ မိုင်ခန့် အကွာအဝေးတွင်ရှိကာ စစ်ကောင်စီ၏ လေကြောင်း ဗုံးကြဲ တိုက်ခိုက်မှုကြောင့် ဝမ္မသူးဆေးရုံတွင် အသုံးပြုသည့် လူနာတင်ကားများနှင့် ဆေးရုံအဆောက်အဦးအားလုံး မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။

ထို့အပြင် စစ်ကောင်စီ၏ ဂျက်ဖိုက်တာ တစ်စီးသည် ယနေ့မနက်ထိ ဝမ္မသူးကျေးရွာအနီးပတ်ဝန်းကျင်တွင် လေကြောင်းစောင့်ကြည့်မှုပြုလုပ်သွားကြောင်း သိရသည်။

အလားတူ ယမန်နေ့ ဧပြီလ ၂၅ ရက်နေ့တွင် မင်းတပ်မြို့အခြေစိုက် စစ်ကောင်စီ၏ ခလရ (၂၇၄) တပ်ရင်းမှ ပစ်ခတ်သည့် လက်နက်ကြီးကျည်သည် မဒပ်အုပ်စု ပူကွန်းရွာတွင် ကျရောက်ပေါက်ကွဲပြီး အမျိုးသမီးတစ်ဦး လက်မောင်းတွင် ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ဓာတ်ပုံ-ယမန်နေ့ ဧပြီလ ၂၅ ရက်နေ့တွင် စစ်ကောင်စီ၏ လေကြောင်း တိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးသွားသည့် ဝမ္မသူးဆေးရုံကို တွေ့ရစဥ်။

#ချင်းပြည် #မင်းတပ် #ဝမ္မသူးဆေးရုံ #လေကြောင်းတိုက်ခိုက်ခံရ # လေးဦးသေဆုံး #စစ်ကောင်စီ #
#Ayeyarwaddy_Times