ဧရာ၀တီတိုင်းမ်
ဧပြီ ၂၆ ရက်

ရှမ်းမြောက်၊ ကိုးကန့်ဒေသ လောက်ကိုင်မြို့ အမျိုးသားဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (MNDAA) အုပ်ချုပ်သည့်နယ်မြေအတွင်း ရာဇ၀တ်မှုများကျူးလွန် ထားသည့် တပ်ဖွဲ့၀င် ၁၀ ဦးကို သေဒဏ်နှင့်ထောင်ဒဏ်ချမှတ်ခဲ့သည့်အပေါ် ဥရောပသမဂ္ဂ (EU) က ပြစ်တင်ရှုတ်ချကြောင်း ယမန်နေ့ ဧပြီ ၂၅ ရက်နေ့က ထုတ်ပြန်ခဲ့သည်။

MNDAA သည် ၎င်းတို့၏ တပ်ဖွဲ့၀င်များဖြစ်သည့် မြို့နယ်အတွင်းရေး မှူး၊ ဒုတပ်ရင်းမှူး၊ ပြည်သူ့စစ်ကြောင်းမှူးစသည့် တာ၀န်များထမ်းဆောင်ခဲ့သူ ၁၀ ဦးကို အာဏာအလွဲသုံး စားလုပ်မှု၊ ပြန်ပေးဆွဲမှု၊ လူကုန်ကူးမှု၊ လူသတ်ရန်ကြံစည်မှု စသည့်အမှုများ ကျူးလွန်ခဲ့သည်ဟုဆိုကာ ပါ၀င်သူ ခုနစ် ဦး ကို သေဒဏ်ပေးပြီး သုံး ဦးကို ထောင်ဒဏ် အပြစ်ပေးကြောင်း ထုတ်ပြန်ခဲ့ သည်။

ပြီးခဲ့သည့် ဧပြီ ၂၄ ရက်နေ့က သေဒဏ်ချမှတ်ခံရသည့် သူများထဲမှ ကနဦး သုံး ဦးကို ကွပ်မျက်ခဲ့သည့် အပေါ် ဥရောပသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာသံရုံးက ပြစ်တင်ရှုတ်ချ ကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

EU သံရုံးအနေဖြင့် MNDAA က လူ ၁၀ ဦးကို သေဒဏ် ချခဲ့ပြီး ၎င်းတို့အနက် သုံး ဦးမှာ ဧပြီ ၂၄ ရက်တွင် စီရင်ခံခဲ့ရဖွယ်ရှိသည်ဆိုသည့် စိုးရိမ်စရာ သတင်းများထွက်‌ပေါ်နေ၍ ဤသေဒဏ်ချသည့်ဆုံးဖြတ်ချက်ကို ဥရောပသမဂ္ဂက အပြင်းထန်ဆုံးရှုတ်ချခဲ့ခြင်း ဖြစ်သည်။

“အချိန်တိုင်း ဘယ်လိုအ‌ခြေအနေမျိုးမှာဖြစ်ဖြစ် သေဒဏ် ချမှုကို ပြင်းပြင်းထန်ထန် ပြတ်ပြတ်သားသား ဆန့်ကျင်ခြင်းကို ထပ်လောင်းအတည်ပြုပါသည်” ဟု ဥရောပ သမဂ္ဂက ဆိုထားသည်။

ထို့အပြင် သေဒဏ်သည် လူမဆန်သည့် ယုတ်ညံ့သော ပြစ်ဒဏ်ဖြစ်ပြီး လူ့ဂုဏ်သိက္ခာကို အဆုံးစွန်သောငြင်း ပယ်မှုကို ကိုယ်စားပြုသည်ဟု ထုတ်ပြန်ထားသည့် အပြင် ဖက်ဒရယ်ဒီမိုကရေစီရရှိရေး ရည်မှန်းချက်တွင် အဓိကကျသည့် ကြိုးပမ်းမှုသည် မြင့်မားသော နိုင်ငံတကာစံနှုန်းများနှင့်အညီ တရားဥပဒေစိုးမိုးရေးကို ထိန်းသိမ်းရန် ဖြစ်သင့်သည်ဟုလည်း ဖော်ပြထားသည်။

MNDAAသည် လောက်ကိုင်မြို့ကို သိမ်းပိုက်ပြီး‌နောက် ၎င်းကိုယ်ပိုင်အုပ်ချုပ်ရေး နယ်မြေတွင် ပထမဦးအကြိမ်အဖြစ် ပြစ်မှုကျူးလွန်သူများကို အများပြည်သူ မြင်တွေ့နိုင်သည့်နေရာတွင် ပြစ်ဒဏ်စီရင်ချ မှတ်ခဲ့ခြင်းဖြစ်သည်။

ပုံစာ-MNDAA က သေဒဏ်ချမှတ်လိုက်သည့် တပ်ဖွဲ့၀င် ၁၀ ဦးအနက် ကနဦး ၃ ဦးကို ကွပ်မျက်ခဲ့သည့်ပုံ

#MNDAA #သေဒဏ် #စီရင်မှု #ဥရောပသမဂ္ဂ #EU #ရှုတ်ချ #Ayeyarwaddy_Times