
ဧရာဝတီတိုင်းမ်
ဧပြီ ၂၆ရက်
ရခိုင်ပြည်နယ်၊ သံတွဲ- တောင်ကုတ်အကြား စစ်ကောင်စီနှင့် အာရက္ခတပ်တော် (AA) တို့တိုက်ပွဲဖြစ်ပွားလျက်ရှိရာ စစ်ကောင်စီတပ်က ၄၀ ကျော်သေဆုံးပြီး ဒဏ်ရာရရှိသည့် အရာရှိတပ်ဖွဲ့ဝင်များကို သံတွဲဆေးရုံ၌ ဆေးကုသပေးနေကြောင်း သိရသည်။
သံတွဲ-တောင်ကုတ်ကြား သူဌေးရေအားလျှပ်စစ်စီမံကိန်းအနီးတွင် ပြီးခဲ့သည့် ဧပြီ ၂၂ရက်နေ့က စတင်ခဲ့သည့် စစ်ကောင်စီတပ် နှင့် AA တို့ဖြစ်ပွားသည့်တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀ကျော် သေဆုံးခဲ့ကြောင်း ဒေသခံများထံက သိရသည်။
တိုက်ပွဲအတွင်း ဒဏ်ရာရရှိသည့် အရာရှိများကို သံတွဲဆေးရုံ သံဃာဆောင်တွင် ဆေးကု သပေးနေပြီး ဒဏ်ရာပြင်းထန်သည့်သူများကို ယမန်နေ့ ဧပြီ ၂၅ရက်နေ့တွင် ရန်ကုန်သို့ ပြောင်းရွှေ့ပေးခဲ့ကြောင်း သိရသည်။
“၂၂ရက်နေ့တိုက်ပွဲမှာ စစ်ကောင်စီဘက်က အသေများတယ်။ ဒဏ်ရာရတဲ့အရာရှိတွေကို သံတွဲဆေးရုံ သံဃာဆောင်မှာတင်ထားတယ်။ ဒဏ်ရာပြင်းထန်သူတွေကို ရန်ကုန် ရွှေ့တယ်ပြောတယ်” ဟု သံတွဲဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
အာရက္ခတပ်တော် (AA) က သူဌေးရေအားလျှပ်စစ်စီမံကိန်းအနီးတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်များကို ပြီးခဲ့သည့် ဧပြီ ၂၂ရက်နေ့က စတင်ထိုးစစ်ဆင်တိုက်ခိုက်ရာ တိုက်ပွဲစတင်ဖြစ်ပွားခဲ့ကြောင်း သိရသည်။
စစ်ကောင်စီက ရေအားလျှပ်စစ်စီမံကိန်းအနီးရှိ ဒေါ်မြရွာ၊ ပုရစ်ရွာနှင့်ရေကောက်ရွာ များကို ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်သည့်အပြင် လေယာဉ်ပေါ်မှ စက်သေနတ် များဖြင့်ပါ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
“ဗုံးကနေ့တိုင်းလိုလာကြဲနေတာ။ သံတွဲနဲ့ ပိုနီးပေမယ့် တောင်ကုတ်မြို့ပေါ်ကလည်း ကြားနေရတယ်။ တပ်တော်ရှိတဲ့ တောင်ကြောတွေကို အရလာကြဲနေတာ။ စစ်ရှောင် တွေကတော့ တောင်ကုတ်မြို့ပေါ်တက်လာကြတယ်။ စစ်ကောင်စီကလည်း မောင်းထုတ် တယ်ပြောတယ်” ဟု တောင်ကုတ်ဒေသခံတစ်ဦးက ပြောသည်။
ယမန်နေ့ ဧပြီ ၂၅ ရက်နေ့ ညနေ ၃နာရီခန့်ကလည်း သံတွဲမြို့နယ်ရှိ ဆင်ခေါင်းရွာနှင့် ညောင်ခြေ ထောက်ရွာများကို စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် လာရောက်ဗုံးကြဲ တိုက်ခိုက်သည့်အတွက် တာဝါတိုင်များလဲပြို ပျက်စီးခဲ့ကြောင်း သိရသည်။
စစ်ကောင်စီက လေကြောင်းဖြင့်သာမက ခမောင်းတုန်းမြစ်ကြောင်းတွင် အခြေချ ထားသည့် ရေတပ်မှနေ၍ ရွှေလှေရွာ၊ ဒေါ်မြရွာ၊ ပုရစ်ရွာနှင့် ရေကောက်ရွာများသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်လျက်ရှိကြောင်း သိရသည်။
စစ်ကောင်စီသည် ပုရစ်ရွာနှင့်ရေကောက်ရွာမှ ဒေသခံပြည်သူများကို ရွာအတွင်းမှ ထွက်သွားရန် အမိန့်ပေး ခိုင်းစေထားသည့်အတွက် ဒေသခံများ ထွက်ပြေးတိမ်းရှောင် နေရကြောင်း သိရသည်။
#သံတွဲဆေးရုံ #စစ်ကောင်စီ #တိုက်ပွဲပြင်းထန် #၄၀ကျော်သေဆုံး #အရာရှိများ #ဆေးကုသမှုခံယူ #Ayeyarwaddy_Times