ဧရာဝတီတိုင်းမ်
ဧပြီ ၂၆ ရက်

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် အာရက္ခတပ်တော် (AA) တို့ တိုက်ပွဲပြင်းထန်နေ၍ စစ်ဘေးရှောင်ရန်အတွက် အမ်းမှတောင်ကုတ်သို့ ခြေလျင် ထွက်ပြေးလာသည့် ဒေသခံများကို စစ်ကောင်စီက ဖမ်းဆီးထားကြောင်း သိရသည်။

အမ်းမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားနေသည့်အပြင် အခြေခံစားသောက်ကုန်များ ပြတ်လပ် ကာ စားသောက်ရေး ဒုက္ခရောက်လာသည့် အမ်းဒေသခံ ၂၀၀ ခန့်သည် ပြီးခဲ့သည့် ဧပြီ တတိယပတ်တွင် တောင်ကုတ်မြို့သို့ ခြေလျင်ထွက်ပြေးလာကြရာ တောင်ကုတ်မြို့ အဝင်တွင် စစ်ကောင်စီတပ်၏ ဖမ်းဆီးခြင်းကို ခံရခြင်းဖြစ်ကြောင်း သိရသည်။

“ရှေ့တစ်ပတ်က အမ်းကနေပြေးလာကြတာ လူ ၂၀၀ လောက်ရှိတယ်။ ခြေလျင် လျှောက်လာကြတာတဲ့။ အဲဒါတောင်ကုတ်အဝင်မှာ လဝက နဲ့ စစ်တပ်ကဖမ်းပြီး တောင်ကုတ်က တပ်ရင်းတစ်ခုထဲကို ဖမ်းခေါ်သွားတယ်။ အရွယ်ကောင်းလေးတွေ အများကြီးပါတယ်။ အခု တစ်ပတ်ရှိပြီပေါ့။ သတင်းစုံစမ်းလို့မရသေးဘူး။ တပ်ရင်းထဲ ဖမ်းခေါ်သွားတယ်ပဲသိတာ။ ဘယ်တပ်ရင်းထဲလည်း စုံစမ်းမရဘူး” ဟု တောင်ကုတ် ဒေသခံ တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

အမ်းမြို့နယ်ရှိ ဒေသခံများသည် အထူးသဖြင့် ဆန်ပြတ်လပ်မှုနှင့် ရင်ဆိုင်နေရပြီး အနီးနားရှိ တောင်ကုတ်မြို့မှဝင်သည့်ဆန်ကို မှောင်ခိုတင်သွင်းနေရကာ တစ်အိမ်ထောင် လျှင်ဆန်နှစ်ပြည်နှုန်းဖြင့် ခွဲတမ်းကျသာ ဝယ်ယူစားသောက်နေရကြောင်း ဒေသခံများ ထံက သိရသည်။

အမ်းမြို့နယ်ရှိ ကဇုကိုင်းတောင်ဗျူဟာနှင့် တောဟိန်းတောင်တို့တွင်လည်း စစ်ကောင်စီ တပ်များကို AA က အပြင်းအထန်တိုက်ခိုက်လျက်ရှိပြီး စစ်ကောင်စီက လေကြောင်းမှ တဆင့် စစ်ကူများထောက်ပို့ပေးလျက်ရှိကြောင်း သိရသည်။

ထို့အပြင် အမ်း- ပဒါန်းလမ်းရှိ ရွာများနှင့် လမ်းပိုင်းတို့တွင် ကင်းပုန်းချခြင်းနှင့် စွန့်လွှတ်မိုင်းများထောင်ခြင်းတို့ကိုပြုလုပ်နေသည့်အတွက် ဒေသခံများ ရွာများမှ ထွက်ပြေးနေရကြောင်း သိရသည်။

တိုက်ပွဲများမှာလည်း လက်ရှိအထိ အပြင်းအထန်ဖြစ်ပွား‌နေကာ ပြီးခဲ့သည့် ဧပြီ ၁၀ ရက်နေ့ကလည်း အမ်းမြို့နယ်၊ လုံးကျေးရွာ၏ အနောက်ဘက် မီတာ ၁၄၀၀ ခန့်အကွာတွင် စစ်ကောင်စီတပ် နှင့် အာရက္ခတပ်တော် (AA) တို့ နာရီဝက်ခန့်ကြာ တိုက်ပွဲဖြစ်ပွားခဲ့‌သည်။

အဆိုပါ တိုက်ပွဲတွင် အချိန်တိုတောင်းသော်လည်း စစ်ကောင်စီဘက်က မြေပြင် လက်နက်ကြီးပစ်ကူ၊ လေကြောင်းပစ်ကူတို့ကို အသုံးပြုတိုက်ခိုက်ခဲ့သောကြောင့် တိုက်ပွဲ ပြင်းထန်ခဲ့ကြောင်း AA က ဆိုထားသည်။

နာရီဝက်ခန့်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီတပ်သည် အထိအခိုက် အကျအဆုံးများဖြင့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) ဌာနချုပ်ရှိရာ အမ်းသို့ ပြန်လည်တပ်ဆုတ်သွားခဲ့ပြီး တိုက်ပွဲအတွင်း AA ဘက်မှလည်း ထိခိုက်ဒဏ်ရာ ရသူအချို့ရှိခဲ့‌ကြောင်း သိရသည်။

ထို့အပြင် ဧပြီ ၁၁ ရက်နေ့ကလည်း အမ်းမြို့နယ်၊ မင်းဘော်ရွာ၏ တောင်ဘက် မီတာ ၁၀၀၀ ခန့်အကွာတွင် စစ်ကောင်စီတပ်နှင့် အာရက္ခတပ်တော် AAတို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့သည်။

လက်ရှိတွင် အာရက္ခတပ်တော် (AA) သည် ဘူးသီးတောင်၊ မောင်တော၊ သံတွဲနှင့် အမ်းတို့ရှိ စစ်ကောင်စီစခန်းများကို ထိုးစစ်ဆင်တိုက်ခိုက်နေကာ တိုက်ပွဲအပြင်းအထန် ဖြစ်ပွားနေကြောင်း သိရသည်။

ပုံစာ- ရခိုင်စစ်ဘေးရှောင်များ (ပုံဟောင်း)
#အမ်း #တောင်ကုတ် #စစ်ဘေးရှောင် #ဒေသခံပြည်သူများ #ခြေလျင်ထွက်ပြေး #စစ်ကောင်စီ #ဖမ်းဆီး #Ayeyarwaddy_Times