
ဧရာဝတီတိုင်းမ်
ဧပြီ ၂၆ ရက်
မြန်မာနိုင်ငံအလယ်ပိုင်းဒေသများနှင့် မြစ်ဝကျွန်းပေါ်ဒေသများတွင် ဧပြီ ၂၈ ရက်မှ ၂၉ ရက်တို့တွင် အပူချိန် တစ်ဒီဂရီစင်တီဂရိတ် ထပ်တိုးနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှူးဦးစီးဌာနထံ(မိုး/ဇလ) ထံက သိရသည်။
စစ်ကိုင်းတိုင်းအပါအဝင် မန္တလေးမြို့၊ ပဲခူးမြို့၊ ရန်ကုန်မြို့၊ ဧရာဝတီတိုင်းတို့တွင် အပူချိန် တစ် ဒီဂရီစင်တီဂရိတ်ထိတိုးနိုင်ကြောင်း သိရသည်။
ဧရာဝတီတိုင်းရှိ မြို့များ တွင် ယနေ့ ဧပြီ ၂၆ ရက်နေ့တွင် ဖြစ်ပေါ်သော နေ့အပူချိန်တွင် ဟင်္သာတ ၄၂ ဒီဂရီစင်တီဂရိတ်၊ မအူပင် ၄၀ ဒီဂရီစင်တီဂရိတ်၊ ဖျာပုံ ၃၇ ဒီဂရီစင်တီဂရိတ်၊ ပုသိမ် ၃၈ ဒီဂရီစင်တီဂရိတ် နှင့် မြောင်းမြ ၃၉ ဒီဂရီစင်တီဂရိတ် ရှိကြောင်း မိုး/ဇလက ထုတ်ပြန်သည်။
ထို့ပြင်ရာသီဥတုအပြောင်းအလဲကြောင့် အလယ်ပိုင်းဒေသများနှင့် မြစ်ဝကျွန်းပေါ် ဒေသများတွင် ဧပြီလကုန်ပိုင်းအထိ မိုးရွာနိုင်မည့် အခြေအနေမရှိဘဲ ကျန်ရှိသည့် ဒေသအချို့တွင် မိုးရွာနိုင်ခြေရှိကြောင်း သိရသည်။
လာမည့် ဧပြီ ၂၈ ရက်နေ့တွင် မန္တလေးတိုင်းနှင့်မကွေးတိုင်းတို့၌ အပူချိန် ၄၆ ဒီဂရီစင်တီဂရိတ် ၊ နေပြည်တော်၊ ပဲခူးတိုင်း နှင့် ရှမ်းပြည်နယ် ဒေသအချို့တွင် ၄၄ ဒီဂရီစင်တီဂရိတ်၊ ရန်ကုန်တိုင်း ၊ ဧရာ၀တီတိုင်း ကရင်ပြည်နယ် နှင့် မွန်ပြည်နယ်များတွင် ၄၂ ဒီဂရီစင်တီဂရိတ်အထိ ရှိနိုင်ကြောင်း အိန္ဒိယ မိုးလေဝသ ဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
ယင်းအပြင်တောင်ဘက်မှ ရေငွေ့ပါသောလေများ မြန်မာနိုင်ငံပေါ်သို့ တိုးဝင် လာနိုင်သဖြင့် မိုးတိမ်တောင်များဖြစ်ထွန်းပြီးအပူဒဏ်ခံရချိန်တွင် အချိန်အခါမဟုတ် မိုး ထစ်ချုန်းရွာစေနိုင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာ ထောက်ထားရေးနှင့် ဘေးအန္တရာယ်နိုင်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာနက ထုတ်ပြန် သည်။
မြန်မာနိုင်ငံအလယ်ပိုင်း ပခုက္ကူမြို့နှင့် မြစ်ဝကျွန်းပေါ်ဒေသတောင်ပိုင်းတွင်ရှိသော လပွတ္တာမြို့များ၌ ၂ဝ၅ဝ ခုနှစ်တွင် အပူချိန် ၂ ဒီဂရီစင်တီဂရိတ်ကျော် တိုးလာမည်ဖြစ်ကြောင်း Myanmar Climate Change Alliance (MCCA) က ၂၀၁၇ ခုနှစ် အစီရင်ခံစာထုတ်ပြန်ထားသည်။
အဆိုပါအစီရင်ခံစာထုတ်ပြန်ပြီး ခုနစ် နှစ်အကြာတွင် ဧရာဝတီတိုင်းအတွင်း နေ့အပူချိန် တစ် ဒီဂရီစင်တီဂရိတ် ထိတိုးလာနိုင်ကြောင်း မိုး/ဇလ က ဆိုထားသည်။
အပူချိန်စံချိန်တင်မြင့်တက်မှုကြောင့် ရေရှားခြင်း၊ မီးလောင်ခြင်း၊ အပူနှင့် သက်ဆိုင် သည့် ရောဂါများ ဖြစ်ပွားခြင်း၊ မုတ်သုံရာသီ တိုတောင်းလာနိုင်ပြီး မိုးခေါင်ခြင်း၊ ရေကြီးခြင်း၊ အပူလှိုင်းဖြတ်ခြင်းတို့ ဖြစ်ပေါ်လာနိုင်ပြီး ကောက်ပဲ သီးနှံများ အထွက်နှုန်းကျဆင်းလာနိုင်ခြင်းများ ဖြစ်ပေါ်လာနိုင်ကြောင်း MCCA နှင့် သဘာ၀ဘေး အန္တရာယ်နှင့်ရာသီဥတုဆိုင်ရာတို့ကို လေ့လာနေသူများက အသိပေးထားသည်။
ဓာတ်ပုံ – မိုးဇလ
#နေ့အပူချိန် #ဆက်လက်မြင့်တက်နိုင် #စစ်ကိုင်းတိုင်း #ဧရာဝတီတိုင်း #၁ဒီဂရီစင်တီဂရိတ်တိုး #Ayeyarwaddy_Times