ဧရာဝတီတိုင်းမ်
ဧပြီ ၂၆ ရက်

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်၊ ဆင်ဘိုမြို့ရှိ စစ်ကောင်စီ၏ ကာကင်းစခန်းတစ်ခုကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) က သိမ်းယူခဲ့ပြီး ကျန်ရှိနေသည့် ခြေလျင်တပ်ရင်း ခလရ-၁၄၁ ကို ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက် လျက်ရှိကြောင်း သိရသည်။

ကချင်လွပ်လပ်ရေးတပ်မတော်(KIA) သည် ယနေ့ ဧပြီ ၂၆ရက်နေ့ နံနက်အစောပိုင်းတွင် ဆင်ဘိုမြို့ရှိ စစ်ကောင်စီ၏ ခလရ-၁၄၁ တပ်ရင်းစခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ခလရ ၁၄၁ ၏ ကာကင်းစခန်းကုန်းတစ်ခုကို သိမ်းပိုက်ရရှိခဲ့ကြောင်း ကချင်စစ်ရေး သတင်းရင်းမြစ်ထံက သိရသည်။

စစ်ကောင်စီသည် ၎င်းတို့၏ စခန်းမကျစေရေးအတွက် လေယာဉ်မျိုးစုံအသုံးပြု၍ ဗုံးသီးအလုံးပေါင်း ၁၀၀ ကျော်ခန့်ကို တိုက်ပွဲဖြစ်ပွားရာ နေရာနှင့် အနီးဝန်းကျင်သို့ လာရောက် ကြဲချတိုက်ခိုက်လျက်ရှိကြောင်း သိရသည်။

“လေယာဉ်က မနေ့ကတည်းကလာတာ။ အခုလည်းတောက်လျှောက်ကို လာကြဲချ နေတာ ဗုံးသီးပေါင်း မရေတွက်နိုင်ဘူး။ မနေ့ကတော့ ရွာထဲကျပြီး လူသေတယ် ပြောတယ်။ အခုက ကာကင်းစခန်းကိုရပြီပေါ့ ဒီနေ့မနက်မှာ ပြန်တိုက်တာပါ”ဟု ကချင်စစ်ရေးသတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီသည် ယမန်နေ့ ဧပြီ ၂၅ရက်နေ့ ညနေ ၄နာရီခန့်က ဆင်ဘိုမြို့သို့ လေယာဉ်ဖြင့်ဗုံးလာကြဲရာ မြင်သာ ကျေးရွာအတွင်းရှိ နေအိမ်နှင့် ဘုရားကျောင်း အတွင်းသို့ ကျရောက်ပေါက်ကွဲသဖြင့် အမျိုး သားတစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။

KIA သည် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၀ရက်နေ့ကတည်းက ဆင်ဘိုမြို့ကို ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီး ဖေဖော်ဝါရီ ၁၁ ရက်တွင် မြို့အတွင်းရှိ ရဲစခန်းနှင့် စစ်ကောင်စီ လက်အောက်ခံဌာနဆိုင်ရာများကို ထိန်းချုပ်ကာ မြို့ကို သိမ်းပိုက်နိုင်ခဲ့သည်။

ထို့နောက် ဆင်ဘိုမြို့နှင့် မိုင်အနည်းငယ်ကွာသည့် ခလရ ၁၄၁ ကို ဆက်လက်ထိုးစစ် ဆင်တိုက်ခိုက်ခဲ့ပြီး ကာကင်းစခန်းအချို့ကို သိမ်းယူနိုင်ခဲ့ခြင်းဖြစ်သည်။

ဆင်ဘိုမြို့သည် ၂၀၀၂ ခုနှစ်တွင်မှ မြို့အဖြစ်သတ်မှတ်ခံခဲ့ရပြီး လူဦးရေ ၁၀,၀၀၀ ကျော် နေထိုင်လျက်ရှိကာ ဒေသခံအများစုမှာ စစ်ဘေးရှောင်လျက်ရှိကြောင်းသိရသည်။

#ဆင်ဘိုမြို့ #စစ်ကောင်စီ #ခလရ၁၄၁ #KIA #ထိုးစစ်ဆင်တိုက်ခိုက် #Ayeyarwaddy_Times