အယိုက်လင်း/ ဧရာဝတီတိုင်းမ်
ဧပြီ ၂၆ ရက်

ချင်းပြည်နယ်၊ မတူပီခရိုင်၊ ရေဇွာမြို့တွင် စစ်ကောင်စီ၏ စစ်ကျန် ပစ္စည်း ပေါက်ကွဲမှုဖြစ်၍ အိမ်ရှေ့တွင် ဆော့ကစားနေသည့် ကလေးငယ်တစ်ဦး သေဆုံးခဲ့ကြောင်း ချင်းလဲန်းကာကွယ်ရေးတပ်-ဇိုတုန်ထံမှ သိရှိရသည်။

ရေဇွာမြို့၊ လောင်းရဲ ရပ်ကွက်တွင် ယမန်နေ့ ဧပြီ ၂၅ ရက် ညနေ ၆ နာရီဝန်းကျင်တွင် စခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီ၏ ထောင်ထားသည့် စစ်ကျန် ပစ္စည်း ပေါက်ကွဲမှုဖြစ်၍ အသက် ၁၃ နှစ်အရွယ် မောင်ဘွေနိုင်လျန် သည် ပွဲချင်းပြီး သေဆုံးခဲ့ခြင်းဖြစ်သည်။

“အရင်က စစ်ကောင်စီရဲ့ တပ်စခန်း အောက်ဘက်အနား လောင်းရဲ ရပ်ကွက်မှာ ပေါက်ကွဲမှုဖြစ်သွားတာ။ ကျွန်တော်တို့ဘက်ကနေလည်း စခန်းသိမ်းအပြီးမှာ မိုင်းရှင်းရေးတွေ အကြိမ်ကြိမ် လုပ်ဆောင်ပေးခဲ့ပေမယ့် ကျန်ခဲ့တာဖြစ်မယ်။ အ ခုရာသီဥတုကြောင့် ပေါက်ကွဲလာတာဖြစ်မယ်။ကလေးတစ်ယောက် အသက်ဆုံးရှုံးသွားတာပေါ့။ စစ်ကောင်စီက အရင် အဲ့တပ်စခန်း ပတ်လည်အနီးနားမှာ မိုင်းတွေထောင်ထားတယ်။ အခုပေါက်ကွဲသွားတာလည်း တိုက်မိုင်းဖြစ်မယ်လို့ သုံးသပ်ပါတယ်” ဟု ချင်းလဲန်းကာကွယ်ရေးတပ်-ဇိုတုန်၏ ​ပြောခွင့်ရ ဆလိုင်း ဒန်နီက ဧရာဝတီတိုင်းမ်ကို ပြောသည်။

သေဆုံးသွားသည့် ကလေး၏ ဖခင်သည် ကျောင်းဆရာ CDM ဝန်ထမ်းဟု သိရှိရပြီး မကြာသေးခင်က စစ်ဘေးရှောင်ရာမှ ရေဇွာမြို့သို့ ပြန်ရောက်လာခဲ့ခြင်းဖြစ်သည်။

ရေဇွာမြို့သိမ်း တိုက်ပွဲတွင် စစ်ကောင်စီသည် တစ်မြို့လုံးကို လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် စစ်ကျန်ပစ္စည်းများ ကျန်ရှိနိုင်သေးပြီး ပြည်သူများအနေဖြင့်လည်း တားမြစ်သည့် နေရာနှင့် မသင်္ကာသည့် စစ်ကျန်ပစ္စည်းများ တွေရှိပါက ထိတွေ့ကိုင်တွယ်ခြင်းမပြုလုပ်ကြဘဲ သက်ဆိုင်ရာ ကာကွယ်ရေးတပ်ဖွဲ့ထံ အချိန်နှင့်တပြေးညီ အကြောင်းကြားရန် တိုက်တွန်းထားသည်။

“ရေဇွာမှာ ကျွန်တော်တို့ ကန့်သတ်တားမြစ်တဲ့ နေရာတွေရှိတယ်။ အဲ့ဒီ တားမြစ်တဲ့ နေရာကို ဒေသခံပြည်သူတွေနဲ့ လာလည်တဲ့ ဧည့်သည်တွေအနေနဲ့ လိုက်နာပေးဖို့ ပြောချင်ပါတယ်။ ကျွန်တော်တို့ ရေဇွာမြို့သိမ်း တိုက်ပွဲက စစ်တပ်က တစ်မြို့လုံး ဗုံးကြဲတာကြောင့် နေရာတိုင်းမှာ စစ်ကျန်ပစ္စည်းတွေရှိတယ်။ ကျွန်တော်တို့ဘက်ကလည်း ရှင်းလင်းထားတယ်။ မြေမြုပ်မိုင်းလည်း ရှင်းလင်းဖော်ဆောင်တာ အများကြီး ဖော်နိုင်ခဲ့တယ်။ ဒါပေမယ့် ကျွန်တော်တို့ မတွေ့တဲ့ စစ်ကျန်ပစ္စည်း ရှိနိုင်သေးတယ်” ဟု ဆလိုင်းဒန်နီက ဆက်
ပြောသည်။

ရေဇွာမြို့ကို ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၂၉ ရက်က ချင်းလဲန်းကာကွယ်ရေး-ဇိုတုန်၊ ချင်းအမျိုးသားတပ်မတော်(CNA)နှင့် ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်ရရှိထားခြင်း ဖြစ်သည်။

ဓာတ်ပုံ- ရေဇွာမြို့

#ချင်းပြည် #မတူပီ #ရေဇွာ #လက်နက်ကြီးပေါက်ကွဲ #ကလေးတစ်ဦးသေဆုံး #Ayeyarwaddy_Times