
ဧရာဝတီတိုင်းမ်
ဧပြီ ၂၆ရက်
ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်၌ စစ်ကောင်စီနှင့် အာရက္ခတပ်တော် (AA) တို့ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေပြီး စစ်ကောင်စီရေတပ်မှနေ၍ အပြင်းအထန် ပစ်ကူပေးလျက်ရှိကြောင်း သိရသည်။
ယနေ့ ဧပြီ ၂၆ရက်နေ့တွင် စစ်ကောင်စီနှင့် AA တို့တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားနေပြီး စစ်ကောင်စီ၏ ရေတပ်ရှိရာ မောင်ရွှေလေးမှ လက်နက်ကြီးများဖြင့် အဆက်မပြတ်ပစ်ကူပေးနေကြောင်း သိရသည်။
“စစ်တပ်က ကြည်း၊ ရေ၊ လေသုံးပြီးကို ကူနေရတယ်။ ၂၂ရက်နေ့တိုက်ပွဲဖြစ်ကတည်းက လေကြောင်းကနေ ဗုံးရော၊ စက်သေနတ်နဲ့ရော လာပစ်နေတာ။ သံတွဲမြို့ပေါ်ကနေတောင် ကြားရပါတယ်” ဟု သံတွဲဒေသခံ တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ပုလဲကျွန်း၊ မောင်ရွှေလေး၊ ဂေါ့ကမ်းခြေနှင့် ခမောင်းတုန်းမြစ်တို့တွင် တပ်စွဲထားသည့် စစ်ကောင်စီ၏ ရေတပ်များမှနေ၍ အနီးနားကျေးရွာများသို့ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်လျက်ရှိကြောင်း သိရသည်။
ပြီးခဲ့သည့် ဧပြီ ၂၂ရက်နေ့တွင် AAက သူဌေးရေအားလျှပ်စစ်စီမံကိန်းအနီးတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ထိုးစစ်ဆင်တိုက်ခိုက်ရာမှ သံတွဲတွင် တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
စစ်ကောင်စီသည် ယမန်နေ့ ဧပြီ ၂၅ ရက်နေ့ မွန်းလွဲ ၃ နာရီခန့်က ဂျက်ဖိုက်တာဖြင့် လာရောက်ဗုံးကြဲခဲ့သည့်အတွက် ဆင်ခေါင်းရွာနှင့် ညောင်ခြေထောက်ရွာအနီး တာဝါတိုင်များလဲပြို ပျက်စီးခဲ့ကြောင်း သိရသည်။
လက်ရှိတွင် စစ်ကောင်စီက ဆူးပုတ်ကုန်း၊ ကျောင်းကုန်း၊ ဘုရားမော်၊ ပုရစ်၊ ရေကောက်၊ ရွှေလှေ၊ ဒေါ်မြရွာများဘက်သို့ လက်နက်ကြီးများဖြင့် ပစ်ခတ်နေသလို လေကြောင်းမှလည်း ဗုံးကြဲချ တိုက်ခိုက်လျက်ရှိကြောင်း သိရသည်။
#သံတွဲ #စစ်ကောင်စီ #AA #တိုက်ပွဲပြင်းထန် #ရေကြောင်း #လက်နက်ကြီးပစ်ကူ #Ayeyarwaddy_Times