
ဧရာဝတီတိုင်းမ်
(မုံရွာ)၊ ဧပြီ ၂၆ ရက်
စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်အခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ) အတွင်းသို့ ပြီးခဲ့သည့် ဧပြီ ၂၄ ရက်နေ့ ည ၇ နာရီ ဝန်းကျင်တွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ရော့ကတ် အလုံး ၂၀၊ ဒရုန်းအစီးရေ ငါး စီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ဒရုန်းနှင့် ရော့ကတ်များဖြင့် တိုက်ခိုက်မှုများအတွင်း စစ်ဌာနချုပ် အတွင်းရှိ ဇေယျာသီရိခန်းမ၊ ဗဟိုကင်း၊ နမခစစ်တိုင်းမှူး ဗိုလ်ချုပ် သန်းထိုက် အိမ်ယာဝန်း၊ စစ်မြေပြင် ဆေးတပ်ရင်း(မဆရ ၇) အရာရှိရိပ်သာ၊ တပ်ဆေးရုံ တဆခွဲ (၄/၃၀၀) အရာရှိရိပ်သာ၊ ထပရ ၉၂၉ ရိက္ခာသိုလှောင်ရုံ၊ စရဖ(နခ) ရုံးအဆောက် အအုံ စသည့်နေရာများ ထိမှန်ခဲ့ကြောင်း သိရသည်။
အဆိုပါတိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်မှ အရာရှိ နှစ်ဦးအပါအဝင် တပ်သားအများအပြားသေဆုံးခဲ့ကြောင်း KLG PDF ကျောက်လုံးကြီး တပ်ဖွဲ့ထံက သိရသည်။
“စစ်ကြောင်းထိုးနေတယ်ဗျ။ အခု နမခကိုတိုက်ဖို့အတွက် ကျွန်တော်တို့အဖွဲ့တွေနဲ့အတူ အချိန် နှစ်လလောက် လေ့ကျင့်မှုတွေပြုလုပ်ခဲ့ရတယ်ဗျ။ လက်တွေ့စမ်းသပ်တာတွေရော အပြင်မှာ တော်တော်လေးကို လေ့ကျင့်ပြီးမှပဲ နမခကို အပိုင် တိုက်ခိုက်နိုင်ခဲ့တာပါဗျ” ဟု KLG PDFတာဝန်ရှိသူက ဧရာဝတီတိုင်းမ်ကို ပြောသည်။
တိုက်ခိုက်မှုပြီးနောက် စစ်ကောင်စီလက်အောက်ခံ နမခ နှင့် အမတ-၅၀၈ တပ်ရင်းများမှ ဟောင်ဝစ်ဇာ လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်မှုများပြုလုပ်ခဲ့ပြီး တံတားဦး လေတပ်စခန်း မှ Yak-130 Light Attack ဂျက်ဖိုက်တာများမှလည်း ကင်းထောက်ပျံဝဲမှုများ ပြုလုပ်ခဲ့ကြောင်းသိရသည်။
အဆိုပါ အနောက်မြောက်တိုင်းစစ်ဌာတိုက်ခိုက်မှုကို နယင်းမာပင်ခရိုင် တပ်ရင်း ၂၁၊ ၂၂၊ ၂၃ KLG PDF – ကျောက်လုံးကြီးတပ်ဖွဲ့၊ Chindwin Rocket Brothers -(C.R.B)၊ Dragon Brothers Task Force-DBTF၊ Advance-47၊ Chindwin Brothers၊ ချိုမိုင်မိုင်-ကနီ၊ ချိုမိုင်မိုင်-ယင်းမာပင်၊ မုံရွာခရိုင် တပ်ရင်း-၁၃ စသည့် တပ်ဖွဲ့များမှ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် ဧပြီ ၈ ရက်နေ့နှင့် ၉ ရက်နေ့ကလည်း မွန်ပြည်နယ်၊ မော်လမြိုင်အခြေစိုက် အရှေ့တောင်တိုင်းစစ်ဌာချုပ်တွင် ဒုစစ်ခေါင်းဆောင်စိုးဝင်းရောက်ရှိကာ အစည်းအဝေး ပြုလုပ်နေစဉ် ကာမီကာဇဲဒရုန်းများ အသုံးပြုကာ တိုက်ခိုက်ခဲ့ကြောင်း Alpha Bats Drone Force တပ်ဖွဲ့ထံက သိရသည်။
ဓာတ်ပုံ – ပေးပို့
#ကနီ #နမခ #မုံရွာအခြေစိုက် #ဒရုန်း #တိုက်ခိုက်ခံရ #Ayeyarwaddy_Times