ဧရာဝတီတိုင်းမ်
ဧပြီ ၂၆ ရက်

ဧရာဝတီတိုင်း၊ ငပုတောမြို့နယ်ရှိ ကျေးရွာအချို့တွင် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး များက ပြည်ပ(နိုင်ငံခြား)ထွက်၍ အလုပ်လုပ်ကိုင်နေသည့် လူငယ်များ၏ မိဘဖြစ် သူများကို ဧပြီလ ၂၃ ရက်နေ့တွင် စတင်ပြီး စစ်မှုထမ်းရန် ပြည်သူ့စစ်မှုထမ်းဖောင်များ ဖြည့်ခိုင်းနေကြောင်း ဒေသခံများထံက သိရသည်။

စစ်ကောင်စီတပ်တွင် စစ်မှုထမ်းရန် ပြည်သူစစ်မှုထမ်းဖောင် ဖြည့်နေကြရသည့် ကျေးရွာ များမှာ ငပုတောမြို့နယ်၊ ကျုံကူးတိုက်နယ်ရှိ ပျဉ်းမကွင်း၊ ရဲဂေါင်ကြီး၊ ညောင်ဝိုင်း၊ ရေကျော်၊ ရေတွင်းကုန်း၊ ဘုရားလှ၊ စသည့်ကျေးရွာများဖြစ်ကြောင်းသိရသည်။

“အသက် ၁၈ နှစ်နဲ့ ၃၅ နှစ်အတွင်းရှိတဲ့ အမျိုးသားတွေရဲ့ စာရင်း‌ကို အုပ်ချုပ်ရေးမှူး ရုံး‌တွေမှာ လာပေးဖို့ပြောတယ်။ ရွာမှာမရှိရင် ဒါမှမဟုတ် နိုင်ငံခြားသွားနေရင် မိဘတွေကသွားပြီး ဖောင်ဖြည့်ပေးရမယ်လို့ အုပ်ကြီးတွေကအတင်းအကျပ် လုပ်နေတာပါ” ဟု ငပုတောမြို့နယ်ရှိ အမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ငပုတောမြို့၊ ချောင်းဝကျေးရွာတွင်လည်း ပြည်သူ့စစ်မှုထမ်းရန် စာရင်းများ ကောက်ယူနေပြီး ရပ်ကွက် အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူး သားသမီးများ အပြင် ငွေကြေးပြည့်စုံသူများ၏ သားသမီးများသည်လည်း စစ်မှုထမ်းစာရင်းတွင် မပါဝင် ကြောင်း ဒေသခံများက ဆိုသည်။

ပြည်သူ့စစ်မှုထမ်း သင်တန်းအပတ်စဥ် (၂) ကို ဧပြီ ၂၅ ရက်နေ့နှင့် ဧပြီလ ၂၆ ရက်နေ့တို့တွင် စတင်စာရင်းကောက်ယူရမည်ဟု စစ်ကောင်စီက ညွှန်ကြားထားပြီး စစ်ကောင်စီလက်အောက်ခံ ရပ်ကျေး အုပ်ချုပ်ရေးရုံးများက ဧပြီလ ၁၉ ရက်နေ့က တည်းက စတင်ကာ စာရင်းကောက်ယူနေခြင်းဖြစ်သည်။

အကြောင်းအမျိုးမျိုးကြောင့် စစ်ကောင်စီ၏ ဖမ်းဆီးခြင်းခံထားရသည့် လူငယ်များကို ရမည်းသင်းမြို့နယ် အမှတ် (၁) ရဲလေ့ကျင့်ရေးသင်တန်းကျောင်းသို့ ပို့ဆောင်ကာ စစ်သင် တန်းပေးနေပြီး ငွေကြေးတက်နိုင်သည့် လူငယ်အချို့၏ မိဘဖြစ်များက ပြီးခဲ့သည့် မတ်လပိုင်းတွင် သိန်းထောင်ချီပေး၍ ရွေးယူခဲ့ကြောင်း သိရသည်။

မြန်မာပြည်ဒေသအနှံ့အပြားတွင် စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူးများ၏ သားသမီးများ၊ ငွေကြေးပြည့်စုံသည့် လူငယ်များကို စစ်မှုထမ်းဆောင်ရန် ချန်လှပ် ထားခဲ့ပြီး ၎င်းတို့နှင့် အဆင်မပြေသူများကိုသာ အများစု စစ်မှုထမ်းဆောင်ရန် စာရင်းများ ထည့်ပေးနေကြောင်း စုံစမ်းသိရှိရသည်။

စစ်ကောင်စီ၏ ပစ်မှတ်ထားခံရသည့် ဒေသများအဖြစ် ပထမအသုတ်၌ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ဧရာဝတီ၊ ရန်ကုန်၊ မန္တလေးတိုင်းနှင့် နေပြည်တော်တို့တွင် လူဦးရေ အများဆုံး စုဆောင်းခံရပြီး မန္တလေး၊ စစ်ကိုင်း၊ ရန်ကုန်၊ ကချင်၊ မွန်၊ ရခိုင်၊ မကွေး၊ ဧရာဝတီတိုင်းအတွင်းက လူငယ်ပေါင်း ၂၂၀ ဦးထက်မနည်းသည် အတင်းအဓမ္မ တပ်သားသစ်များအဖြစ် စုဆောင်းခံရခြင်း (သို့မဟုတ်) ပေါ်တာဆွဲခံခဲ့ရကြောင်း ဗမာ့ရေးရာနှင့် ပဋိပက္ခလေ့လာရေးအဖွဲ့ (BACS) ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

စစ်ကောင်စီက စစ်မှုထမ်းဥပဒေကို ထုတ်ပြန်ပြီးနောက် စစ်ကောင်စီတပ်တွင် စစ်မှုထမ်းဆောင်လိုခြင်း မရှိသည့် လူငယ်အချို့သည် တော်လှန် ရေးတပ်ဖွဲ့ဝင်များထံ ရောက်ရှိနေကြသလို ပြည်ပထွက်ရန်အတွက် ပြင်ဆင်လာသူများနှင့် ထွက်ပြေး တိမ်းရှောင်သူ အများအပြားလည်း ရှိလာသည်။

ပုံစာ-စစ်မှုထမ်းသင်တန်း အပတ်စဥ် (၁) တွင် စစ်သင်တန်းတက်ရောက်ရန်အတွက် တပ်သားသစ်စုဆောင်းခံထားရသူများ

#ငပုတော #ပြည်ပထွက် #အလုပ်လုပ်ကိုင် #လူငယ် #မိဘများကို #အုပ်ချုပ်ရေးမှူး #ပြည်သူ့စစ်မှုထမ်း #ဖောင်များဖြည့်ခိုင်း #Ayeyarwaddy_Times