
ဧရာ၀တီတိုင်းမ်
ဧပြီ ၂၅ ရက်
ရှမ်းမြောက်၊ ကိုးကန့်ဒေသ လောက်ကိုင်မြို့ အမျိုးသားဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (MNDAA) အုပ်ချုပ်မှုနယ်မြေအတွင်း လူသတ်မှု၊ ပြန်ပေးဆွဲမှု စသည့် ရာဇ၀တ်မှုများကို ကျူးလွန်ခဲ့သူများကို လူမြင် ကွင်းတွင် သေဒဏ်ပေး၍ အချို့ကို ထောင်ဒဏ်ချမှတ်ခဲ့ကြောင်း သိရသည်။
အဆိုပါ သေဒဏ်နှင့် ထောင်ဒဏ် ပေးခံရသူများသည် MNDAA တွင် ဒုတပ်ရင်းမှူး၊ ပြည်သူ့စစ်ကြောင်းမှူး စသည့်တာ၀န်ထမ်းဆောင်ခဲ့သူများဖြစ်ပြီး ကျူးလွန်သူ ၁၀ ဦးအနက် ခုနစ် ဦးကို ယမန်နေ့ ဧပြီ ၂၄ ရက်နေ့က လူမြင်ကွင်းရှေ့တွင် သေဒဏ်တရားစီရင်ချမှတ်ခဲ့ပြီး သုံး ဦးကိုမူ ဥပဒေနှင့်အညီ ထောင် ဒဏ်ချမှတ်ခဲ့ကြောင်း MNDAA က ထုတ်ပြန်ထားသည်။
MNDAA သည် လောက်ကိုင်မြို့ကို သိမ်းပိုက်ပြီး နောက် ၎င်းကိုယ်ပိုင် အုပ်ချုပ်ရေးနယ်မြေတွင် ပထမဦးဆုံး အကြိမ်အဖြစ် ပြစ်မှုကျူးလွန်သူများကို အများ ပြည်သူမြင်တွေ့နိုင်သည့်နေရာတွင် ပြစ်ဒဏ်စီရင်ချ မှတ်ခဲ့ခြင်းဖြစ်သည်။
ပြစ်ဒဏ်စီရင်ခံရသူများသည် ၎င်းတို့၏တပ်ဖွဲ့မှ အရာရှိများအပါအ၀င် ပြည်သူ့စစ် ကြောင်းမှူးတပ်ဖွဲ့၀င်များဖြစ်ပြီး အသက် ၃၀ ကျော်အရွယ်များဖြစ်ကြောင်း သိရသည်။
၎င်းတို့သည် ပြည်သူများအပေါ် ငွေကြေးအဓမ္မတောင်းခံခြင်း၊ ပြန်ပေးဆွဲခြင်းနှင့် လူသတ်မှုများ ကျူးလွန်ခဲ့ခြင်းကြောင့် ယခုလို သေဒဏ်စီရင်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
ရှမ်းမြောက်ရှိ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအများစု တွင် ၎င်းတို့ချမှတ်ထားသည့် ဥပဒေစည်းကမ်းများကို ကျူးလွန်ပါက ယခုလိုလူမြင်ကွင်းတွင် တရားစီရင်၍ သေဒဏ်ပေးမှုများပြုလုပ်လေ့ရှိသည်ကို တွေ့ရသည်။
MNDAA သည် လောက်ကိုင်မြို့ကို ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလအတွင်းက စစ်ကောင်စီထံမှ ပြန်လည်ရယူထိန်းချုပ်နိုင်ခဲ့ခြင်းဖြစ်ပြီး ကိုးကန့်ဒေသတွင် ခိုးယူလုယက်မှု ကျူးလွန်သူများကို သေဒဏ်ချမှတ် မည်ဖြစ်ကြောင်းကို ၂၀၂၄ ခုနှစ် ဇန်နဝါရီလပိုင်းက ထုတ်ပြန်ခဲ့သည်။
ဓာတ်ပုံ-The Kokang
#ရှမ်းမြောက် #လောက်ကိုင် #ကိုးကန့် #MNDAA #ပြစ်မှုကျူးလွန်သူများ #သေဒဏ် #ထောင်ဒဏ် #တရားစီရင် #Ayeyarwaddy_Times