
ဧရာဝတီတိုင်းမ်
(ဖယ်ခုံ)၊ ဧပြီ ၂၅ ရက်
ရှမ်း-ကယားနယ်စပ်၊ ဖယ်ခုံမြို့နယ်တွင် ပြီးခဲ့သည့် ဧပြီ ၂၁ ရက်နေ့နှင့် ၂၃ ရက်နေ့များတွင် ဖယ်ခုံမြို့နယ်ထဲသို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်က စစ်ဘေးရှောင်နေသည့် အမျိုးသား သုံး ဦး နှင့် အမျိုးသမီး နှစ် ဦးကို ရက်ရက်စက်စက်သတ်ဖြတ်သွားခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် ဧပြီ ၂၁ ရက်နေ့တွင် စစ်ကြောင်းထိုးလာသည့် စစ်တပ်က ဖယ်ခုံမြို့နယ်ရှိ အင်လာကွင်း တောင်ယာအတွင်း စစ်ဘေးရှောင်နေသည့် ဦးမာအို အသက် (၃၄)နှစ်၊ ဦးသန်းထွန်း အသက်(၃၃)နှစ်၊ ဒေါ်အားမူ အသက်(၃၂)နှစ်တို့ကို သတ်ဖြတ်ခဲ့ပြီး ထပ်မံ၍ ဧပြီ ၂၃ ရက်နေ့တွင်လည်း ဖယ်ခုံမြို့နယ် တစ်နေရာတွင် စစ်ဘေးရှောင်နေသည့် ဦးမျိုး အသက်(၃၇)နှစ်၊ ဒေါ်ရှ အသက်(၄၂)နှစ် တို့ကို နှိပ်စက်သတ်ဖြတ်ခဲ့ခြင်း ဖြစ်သည်။
“သေဆုံးခဲ့တဲ့ ကိုမျိုး နဲ့ မရှ ဖြစ်စဉ်က ပထမစစ်ကြောင်းထိုးလာပြီး သူ့ယောကျာ်းကိုမျိုး ကားပေါ်မှာအိပ်နေတုန်း လှမ်းတွေ့ပြီး ကားပေါ်မှာသတ်လိုက်တယ်။ မရှဆိုတဲ့ အမျိုးသမီးကို ကလေး သုံးယောက်နဲ့အတူ ဓားစာခံ ခေါ်သွားပြီး တောင်ကြောမှာ ပိတ်မိနေတယ်။ ရဲဘော်တွေနဲ့လည်း တိုက်ခိုက်မှုဖြစ်တယ်။ မနက်ကျမှပဲ စစ်တပ်ကဆင်းသွားတယ်။ ဓားစားခံလုပ်သွားတာ မိန်းကလေး နှစ်ယောက်ပါတယ်။ မရှကိုတော့သတ်လိုက်တယ်။ တယောက်ကိုတော့ပြန်လွတ်လိုက်တယ်။ ကလေးတွေတော့ကျန်တယ်” ဟု ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) တာဝန်ရှိသူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
သေဆုံးသူများ၏ ရုပ်အလောင်းကို Pekhon Health Community (PKHC)နှင့် ဖယ်ခုံ ၂၀၀၈ PDF တပ်ရင်း တို့မှ ကူညီကယ်ဆယ်ပေးခဲ့ကြောင်းလည်း ကယန်းအမျိုးသမီးအဖွဲ့အစည်း(KyWO)က ထုတ်ပြန်ထားသည်။
“ဘာဖြစ်လို့ ဒီလိုဖြစ်ရတာလည်းဆိုရင် မိုးဗြဲရေကာတာ ၄၂၂ အစောင့်တပ် ကို တော်လှန်ရေးအဖွဲ့တွေက လွန်ခဲ့တဲ့ နှစ်ပါတ်အတွင်းမှာ ဝင်ရောက်တိုက်ခိုက်တာရှိတယ်။ စစ်ကောင်စီက နေပြည်တော်ကနေတဆင့် သူတို့တပ်တွေကို မိုးဗြဲရော ဖယ်ခုံမြို့ထဲကိုရော ဝင်လာတယ်။ ဖယ်ခုံမြို့ကနေ ၄၂၂ မိုးဗြဲရေကာတာဘက်ကို ဝင်သွားတယ် အဲ့ဒီလမ်းကြောင်းမှာ ဖြစ်သွားတဲ့ဖြစ်စဉ်တွေဖြစ်ပါတယ်” ဟု IEC အတွင်းရေးမှူး-၂ ဗညားခွန်အောင်က ပြောသည်။
ကရင်နီပြည်နယ်တွင် ပြီးခဲ့သည့် ဧပြီ ၂၀ ရက်နေ့ကလည်း တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် ကုန်းသာကျေးရွာကို စစ်ကောင်စီက လေကြောင်း တိုက်ခိုက်မှုပြုလုပ်ခဲ့ရာ ကလေးငယ် နှစ် ဦးအပါအဝင် ဒေသခံ ခြောက်ဦးသေဆုံးခဲ့ရပြီး ၂၀ ဦးကျော် ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ – KyWO
#ဖယ်ခုံ #စစ်ဘေးရှောင် #သတ်ဖြတ်ခံရ #စစ်ကောင်စီ #စစ်ကြောင်းထိုး #Ayeyarwaddy_Times