ဧရာဝတီတိုင်းမ်
(ရေဖြူ)၊ ဧပြီ ၂၅ ရက်

တနင်္သာရီ တိုင်း၊ရေဖြူမြို့နယ်၊ ကံပေါက်ဒေသ၊ ဖောင်းတောရွာတွင် စစ်ကောင်စီ တပ်သားများ ဖမ်းဆီးထားသည့် သားအဖနှစ်ဦးအနက် ဖခင်ဖြစ်သူမှာ မောရဝတီ ရေတပ်ဌာနချုပ်တွင် စစ်ဆေးခံနေရစဥ် ယမန်နေ့ ဧပြီ ၂၄ ရက် ည ၇ နာရီခန့်က ဦးနှောက်သွေးကြောပြတ်ပြီးသေဆုံးသည်ဟုဆိုကာ မိသားစုဝင်များထံ အကြောင်းကြား လာကြောင်း မိသားစုနှင့် နီးစပ်သူများထံက သိရသည်။

ယင်းသား အဖနှစ်ဦးကို နေအိမ်၌ စစ်ကောင်စီတပ်သားများနှင့် အုပ်ချုပ်ရေး အဖွဲ့ဝင် အချို့က ဧပြီ ၁၈ ရက် ညနေပိုင်းက လာရောက်ဖမ်းဆီးသွားပြီး တစ်ပတ်ခန့်အကြာတွင် ဖခင်ဖြစ်သူ သေဆုံးခဲ့ခြင်းဖြစ်သည်။

သေဆုံးသူမှာ ဖောင်းတောရွာမှာ နေထိုင်သည့် ဦးဝင်းဘို အသက် (၅၂) ဖြစ်ပြီး အုန်းသီး ရောင်းဝယ်ရေး လုပ်ကိုင်သူဖြစ်ကြောင်းသိရသည်။

“ညက ၇ နာရီလောက် ရှိပြီ မိသားစုဝင်တွေကို အကြောင်းကြားလာတယ်။ ဦးဝင်းဘို မောရဝတီ ရေတပ်ရဲ့ အချုပ်ခန်းထဲမှာ ဦးနှောက်သွေးကြောပြတ်ပြီးဆုံး သွားတယ်။ အလောင်းလာယူဖို့ ပေါ့လေ။ မိသားစုဝင်တွေကလည်း ရုတ်တရက် ဆိုတော့ အံ့သြသွားတာပေါ့။ ဒါနဲ့ ညတွင်းချင်းပဲ့ အလောင်းကို ရွာက အမျိုးတွေနဲ့ သွားယူကြတယ်။ အိမ်ကို ည ၁၀ နာရီလောက် မှာ ပြန်ရောက်လာကြတယ်”ဟု မိသားစုနှင့် နီးစပ်သည့် ဖောင်းတောရွာ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

အိမ်သို့ ရောက်လာသည် ဦးဝင်းဘို၏ အလောင်းတွင် ခန္ဒာကိုယ် ပေါ်၌ အခြားဒဏ်ရာဒဏ်ချက်များ မတွေ့ရှိရဘဲ လဂက်တွင် လက်ထိပ်ခတ်ထားသည့် ဒဏ်ရာကိုသာ တွေ့ရှိရကြောင်း မိသားစုနှင့် နီးစပ်သူက ဆိုသည်။

သားဖြစ်သူ ကိုရဲသွေးနောင်ကိုမူ ယနေ့ ဧပြီ ၂၅ ရက်နေ့ နံနက်ပိုင်းတွင် ပြန်လည် လွှတ်ပေးခဲ့၍ နေအိမ်သို့ ရောက်ရှိနေပြီ ဖြစ်ကြောင်းသိရကာ ကံပေါက်ဒေသတွင် စစ်ကောင်စီရေတပ်မှ ဖမ်းဆီးသွားပြီး စစ်ဆေးခံနေရစဥ် သေဆုံးခြင်းသည် ပထမဆုံး အကြိမ်ဖြစ်ကြောင်း ဒေသခံများက ဆိုသည်။

သေဆုံးသွားသည့် ဦးဝင်းဘို၏ အလောင်းကို ဧပြီ ၂၆ ရက် နေ့ မှာ သင်္ဂြိုဟ်မည် ဖြစ်ပြီး သေဆုံးအချိန်တွင် ဦးဝင်းဘို ၌ ဇနီး နှင့် သားသမီး သုံးဦး ကျန်ရစ်ခဲ့ကြောင်းသိရသည်။

ပုံစာ-သေဆုံးသူ ဦးဝင်းဘို

#ရေဖြူမြို့နယ် #ဖောင်းတောရွာ #စစ်ကောင်စီဖမ်းဆီး #သားအဖ၂ဦး #ဖခင်ဖြစ်သူသေဆုံး #မောရဝတီရေတပ် #ဦးနှောက်သွေးကြောပြတ် #Ayeyarwaddy_Times