ဧရာဝတီတိုင်းမ်
(ခေါဇာ)၊ ဧပြီ ၂၅ ရက်

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ခေါ‌ဇာမြို့နယ်ခွဲရှိ ကျုံညှဲကျေးရွာတွင် စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေအတွက် တပ်သားသစ်စုဆောင်းနေသည့် အုပ်ချုပ်ရေးမှူး နှင့် ပြည်သူ့ စစ်အဖွဲ့ဝင်များထံမှ လက်နက် ရှစ် လက်နှင့် ခဲယမ်းများကို ဒေါနစစ်ကြောင်းနှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့မှ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ကျုံညှဲကျေးရွာအုပ်ချုပ်ရေးမှူး အပါအဝင် ပြည်သူ့စစ်အဖွဲ့ဝင် ငါး ဦးကို တပ်သားသစ် စု‌ဆောင်းခြင်း၊ လက်နက်ကိုင် ခြိမ်းခြောက်ခြင်းတို့ကြောင့် ပြည်သူများက အရေးယူ‌ ပေးရန် တိုင်ကြားခဲ့သည့်အတွက် တော်လှန်ရေး တပ်ဖွဲ့ဝင်များက ပြီးခဲ့သည့် ဧပြီ ၂၃ ရက်နေ့က ခေါ်ယူစစ်ဆေးခဲ့ပြီး အဖွဲ့ဝင် သုံး ဦးကိုပြန်လည်လွှတ်ပေးခဲ့‌သည်။

ထို့နောက် အုပ်ချုပ်ရေးမှူးဖြစ်သူ ပြည်သူ့စစ်ခေါင်းဆောင်နှင့် ဒုခေါင်းဆောင်တို့ကို ဆက်လက်စစ်ဆေးနေစဉ် သိမ်းဆည်းခဲ့သည့် လက်နက်များကို လုယူကာ ပြန်လည် ခုခံခဲ့၍ တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည့်အတွက် ၎င်းတို့နှစ်ဦးကို သေနတ်ဖြင့် ပစ်သတ်ခဲ့ကြောင်း သိရသည်။

“အဓိကကတော့ ဒီပြည်သူ့စစ်တွေက ရှိတာကြာပြီပေါ့နော်။ အပါတ်စဉ်(၁) သင်တန်း ပေးတယ်။ အပါတ်စဉ်(၂) ပြန်ပြီးပြင်ဆင်တဲ့ကာလပေါ့နော်။ ပြည်သူ့စစ်တွေက တောက် လျှောက်ရှိနေတယ်။ သင်တန်း ဆင်းပြီးတဲ့ပြည်သူ့စစ်တွေဆိုလည်း လက်ရှိရှိနေတဲ့ တပ်ရင်း တပ်ဖွဲ့တွေမှာ အင်အားထပ်ဖြည့်တာတွေ တော်တော်များများ လုပ်နေတယ်။ အခုစစ်ဆင်ရေး ဆောင်ရွက်ခဲ့တဲ့ပြည်သူ့စစ်တွေကတော့ အဟောင်းတွေပေါ့နော်။ အရင်တည်းက အာဏာသိမ်းတာကို အားပေးအားမြှောက်လုပ်ပြီး အာဏာ သိမ်းမှုကို အထမြောက်အောင် ပိုပြီးအားကောင်းလာအောင် လုပ်ကိုင်ဆောင်ရွက်နေတဲ့ အဟောင်း တွေပါ” ဟု ဒေါနစစ်ကြောင်း စစ်ဆင်ရေးတာဝန်ခံ ရဲဘော်ရန်နိုင်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

အဆိုပါ ကျုံညှဲကျေးရွာအုပ်ချုပ်ရေးမှူး နှင့် ပြည်သူ့စစ်အဖွဲ့ဝင်များထံမှ M4 Carbine သေနတ် နှစ် လက်၊ ကိုးလုံးပြောင်းချောသေနတ် နှစ် လက်၊ ၃၈၀ ပစ္စတို နှစ် လက် ၊ ကိုးလုံးအတို တစ်လက်၊ .၂၃ အတို တစ် လက်၊ တူမီး တစ် လက်၊ လက်ပစ်ဗုံး လေး လုံး၊ ၅ ပွိုင့် ၅၆ ကျည်ဘောက်များ၊ ကျည်တောင့်များ စကားပြောစက်များ နှင့် ဆက်စပ်ပစ္စည်း အများအပြား ကို တော်လှန်ရေးပူးပေါင်းအဖွဲ့များက သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

အဆိုပါ တော်လှန်ရေးပူးပေါင်းအဖွဲ့များတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် ဒေါန စစ်ကြောင်း၊ မွန်ပြည်တော်လှန်ရေးတပ်(MSRF)၊ ရေးသိမ်းငှက်(ဒေါနစစ်ကြောင်း လုံခြုံရေးတပ်ခွဲ)၊ ကံပေါက်ဒေသ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (KBDF)-ဒေါနတပ်ခွဲ-၄၊ ထားဝယ်ကာကွယ်ရေးအဖွဲ့ (DDT) – ဒေါနတပ်ခွဲ-၇ တို့ ပါဝင်ကြောင်း သိရသည်။

ဓာတ်ပုံ – ပေးပို့။
#ရေး #ခေါဇာ #ပြည်သူ့စစ် #ဖမ်းဆီးခံရ #လက်နက်ခဲယမ်းသိမ်းဆည်းရမိ #Ayeyarwaddy_Times