
အယိုက်လင်း/ ဧရာဝတီတိုင်းမ်
ဧပြီ ၂၅ ရက်
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ ပျဥ်းတောဦးကျေးရွာတွင် စစ်ကောင်စီက ပစ်ခတ်သည့် လက်နက်ကြီးကျည်ကြောင့် နှစ်ရက်တွင်း အရကလေးသူငယ်အပါဝင် အရပ်သား ခြောက်ဦး သေဆုံးခဲ့ကြောင်း ဒေသခံများထံက သိရသည်။
ကလေးမြို့နယ်၊ ပျဥ်းတောဦးကျေးရွာတွင် ယမန်နေ့ ဧပြီလ ၂၄ ရက် နှင့် ယနေ့ ဧပြီလ ၂၅ ရက်နေ့တွင် စစ်ကောင်စီ၏ ရက်ဆက် ပစ်ခတ်သည့် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲ၍ လူနေအိမ်များ ပျက်စီးသွားပြီး အရပ်သာများ ထိခိုက်သေဆုံးခဲ့ခြင်းဖြစ်သည်။
“မနေ့ ညနေ ၅ နာရီလောက်က စစ်တပ်ကနေ ပစ်ခတ်တဲ့ လက်နက်ကြီးကျည် ရွာထဲကို ကျပေါက်ကွဲလို့ ကလေး နှစ်ယောက်၊ အဘိုး တစ်ယောက် သေသွားတယ်။ အမျိုးသမီး တစ်ယောက်က ဆေးရုံပို့ပြီး ဒီမနက် သေသွားတယ်။ မနေ့က သေသွားတဲ့ အရပ်သားတွေကို ဒီနေ့ အသုဘနာရေး လုပ်နေဆဲမှာ လက်နက်ကြီးက ထပ်ကျလို့ အရပ်သား နှစ်ဦး ပွဲချင်းပြီးသေတယ်။ ဒဏ်ရာရတဲ့ လူနာတွေလည်း ရှိတယ်။ နေအိမ်လည်း ပျက်စီးသွားတာ ရှိတယ်။”ဟု ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ယမန်နေ့ ညနေတွင် စစ်ကောင်စီ၏ ပစ်ခတ်သည့် လက်နက်ကြီးကျည်ကြောင့် သေဆုံးသွားသည့် အရပ်သားသည် အသက် (၁၂) နှစ်အောက် ကလေးငယ် နှစ်ဦးနှင့် အသက် (၈၈) နှစ်အရွယ် အဘိုးအို တစ်ဦးဟု သိရပြီး ယနေ့မနက်ပိုင်းတွင် သေဆုံးသွားသည့် အရပ်သား နှစ်ဦးသည် အသက် (၂၆) နှစ်အရွယ်နှင့် အသက် (၃၀) အရွယ်အမျိုးသားတို့ဖြစ်သည်။
ထို့အပြင် ယမန်နေ့ ညနေတွင် ထိခိုက်ဒဏ်ရာရသည့် အမျိုးသမီး တစ်ဦးလည်း ယနေ့မနက်ပိုင်းတွင် ဆေးရုံတွင် ဆေးကုသမှုခံယူနေစဥ် သေဆုံးသွားကြောင်း သိရသည်။
ယမန်နေ့ ဧပြီလ ၂၄ ရက်နေ့တွင် ကလေးမြို့နယ်မြောက်ပိုင်း နန်းချောင်းရွာသို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ဖွဲ့နှင့် ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားပြီး တိုက်ပွဲတွင်း နှစ်ဖက်ကျဆုံးမှုရှိကာ စစ်ကောင်စီမှ နန်းချောင်းရွာရှိ နေအိမ်များကို မီးရှို့ဖျက်ဆီးသွားကြောင်း ကာကွယ်ရေးတပ်ဖွဲ့ဝင်ထံက သိရသည်။
ပုံစာ-စစ်ကောင်စီ၏ လက်နက်ကြီးကျည်ကြောင့် သေဆုံးသွားသည့် ပျဥ်းတောဦးကျေးရွာမှ အရပ်သားများ၏ အလောင်းများကို တွေ့ရစဥ်။
#ကလေးမြို့ #လက်နက်ကြီးကျည် #အရပ်သားသေဆုံး #Ayeyarwaddy_Times