ဧရာဝတီတိုင်းမ်
ဧပြီ ၂၅ရက်

ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ကုန်ဈေးနှုန်း အဆမတန်မြင့်တက်လျက်ရှိပြီး အခြေခံ စားသောက်ကုန်များ ဈေးနှုန်းမြင့်တက်ကာ ဒေသခံများ စားသောက်ရေး ခက်ခဲ လျက်ရှိကြောင်း သိရသည်။

စစ်ကောင်စီသည် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၉ ရက်နေ့မှစတင်၍ စစ်တွေမြို့တွင်း အဝင်အထွက်လမ်းများကို ပိတ်ဆို့ကာ စစ်ဆေးရေး အထူးတင်းကျပ်ခဲ့သောကြောင့် စစ်တွေမြို့တွင်း ကုန်စည်စီးဆင်းမှု ရပ်တန့်သလောက်နီးပါး ဖြစ်ခဲ့ပြီး အခြေခံ စားသောက်ကုန်ဈေးများ မြင့်တက်သွားကြောင်း သိရသည်။

“ဆန်က ဒီဘက်အခေါ် ဆန်သေးကို တစ်အိတ် ၁၈၀,၀၀၀ ကျပ်လောက်ကျတယ်။ ဆန်ကြမ်းပေါ့။ ဆန်ကောင်းဆို ၂၄၀,၀၀၀ ကျပ် ရှိတယ်။ အသားဈေးက ကပ်မရဘူး။ ကြက်ရင်ပုံ အမျိုးသမီးလက်သီးဆုတ်လောက်ကို တစ်သောင်း ကျော်ပေးရပါတယ်”ဟု စစ်တွေဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

စစ်တွေမြို့ပေါ်တွင် အခြေခံစားသောက်ကုန်များအပြင် စက်သုံးဆီ စျေးနှုန်းများပါ မြင့်တက်နေသောကြောင့် မြို့ပေါ်မှနေ၍ ထွက်ခွာလိုသူများရှိနေကြောင်း သိရသည်။

“စားသောက်ကုန်တွေအပြင် ဓာတ်ဆီ ၁လီတာ ကို ၂၅,၀၀၀ကျပ်ပေးရတယ်။ ဝက်သား ၁ပိဿာ ၆၅၀၀၀ကျပ် ၊ အမဲသား ၁ပိဿာ ၇၀,၀၀၀ကျပ် ရှိတယ်။ ငါးဖမ်းလှေတွေ ပေးမထွက်တော့ ငါးဝယ်မရဘူး။ ကြက်ပေါင်တစ်ချောင်း ၈,၀၀၀ ကျပ် ပေးရတယ်။ ကြက်ရင်ပုံ တစ်စိတ်ကို ၁၇၀၀၀ ကျပ်။ ဘယ်လို လုပ်ကိုင်စားရမှန်းကို မသိတော့ဘူး” ဟု စစ်တွေမြို့ရှိ ဒေသခံက ဆိုသည်။

စစ်တွေမြို့အတွင်းမှနေ၍ စစ်ရှောင်ရန်ထွက်ခွာသွားသူများ၏ နေအိမ်များကို ဝယ်ယူသူထံ လက်ညှိုး ထိုးရောင်းချ စားသောက်နေကြသူများရှိသလို ထင်းအတွက် အိမ်ကိုဖျက်ကြသူများ လည်းရှိကြောင်း သိရသည်။

“အိမ်ကြီးတွေဆို ရှစ်သိန်းလောက်နဲ့ လက်ညှိုးထိုးရောင်းစားကြတယ်။ ပိုင်ရှင်တွေက မရှိဘူးလေ။ စစ်ရှောင်သွားကြပြီ။ အခုက ထင်းမီးစိုက်တာတောင် ကျွန်း ၊ ပျဉ်းကတိုးနဲ့ စိုက်နေတာ။ မီးသွေးတစ်အိတ် ၄၅,၀၀၀ ကျပ် ကဝယ်မရဘူး။ အိမ်တွေဖျက် မီးစိုက် နေကြရတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

စစ်တွေမြို့တွင်း နေထိုင်သူ အများစုသည် ရန်ကုန်နှင့် အခြားမြို့ကြီးများသို့ စစ်ရှောင်ရန် ထွက်ခွာသွားကြပြီး ကျန်နေသူများသည်လည်း စစ်ကောင်စီ၏ လမ်းကြောင်း ပိတ်ဆို့မှုကြောင့် ပိတ်မိနေပြီး အချို့မှာ ထွက်ပြေးရန် ကြိုးစားနေကြောင်း သိရသည်။

ပြီးခဲ့သည့် ဧပြီ ၂၁ ရက်နေ့က စစ်တွေမြို့အတွင်းမှ စစ်ရှောင်ရန် ထွက်ပြေးလာကြသည့် စစ်ဘေးရှောင်များကို စစ်ကောင်စီက လိုက်လံပစ်ခတ်သည့်အတွက် ကစဉ့်ကလျား ထွက်ပြေးကြရာ သုံးဦးသေဆုံးပြီး ခုနစ်ဦးဒဏ်ရာရရှိကာ ၃၀ကျော်ဖမ်းဆီးခံရကြောင်း သိရသည်။

စစ်ကောင်စီက စစ်တွေမြို့နယ်အတွင်း၌ပင် တစ်နေရာနှင့် တစ်နေရာ ကူးသန်း သွားလာမှုကိုပင် ခွင့်မပြုဘဲ ထွက်ပြေးသူများကိုလည်း လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် လိုက်လံပစ်ခတ်နေကြောင်း သိရသည်။

“စစ်တွေ- ပလ္လင်လမ်းဆို နိုဝင်ဘာလကတည်းကပိတ်ထားတာ။ ဟိုဘက်၊ဒီဘက် ကူးတာလက်မခံဘူး။ အဲဒီ့နားက ရဲတပ်ရင်းကနေပိတ်ထားတာ။ နေ့ရော ညရော အစောင့်တွေနဲ့။ ပိုက်ဆံရှိတဲ့သူတွေကတော့ ဖေဖော်ဝါရီလကတည်းက ရန်ကုန်ကို လေယာဉ်နဲ့ပြောင်းကုန်ကြတယ်။ အခုသူတို့ဌာနဆိုင်ရာဝန်ထမ်းတွေလောက်ပဲ အသွား အလာရှိတယ်။ ကျန်တဲ့အချိန်မြို့ပျက်လိုပဲ” ဟု စစ်တွေမြို့ပေါ်ရှိ ဒေသခံက ဆိုသည်။

စစ်တွေမြို့ကို စစ်ကောင်စီက ဘက်ပေါင်းစုံမှ ပိတ်ဆို့ထားပြီး ပြီးခဲ့သည့် ဖေဖော်ဝါရီ ၉ ရက်နေ့က စစ်တွေ- ပုဏ္ဏားကျွန်းဆက်သွယ်ထားသည့် မင်းချောင်းတံတားနှင့် စစ်တွေ-ကျောက်တော် ဆက်သွယ်ထားသည့် ကစ္ဆပနဒီတံတားတို့ကို ချိုးပစ်ခဲ့သည်။

ထို့ပြင် ရေကြောင်းသွားလာမှုတွင်လည်း ငါးဖမ်းလှေငယ်များကအစ ထွက်ခွင့် မပေး တော့ဘဲ စစ်တွေမြို့တွင်းရှိ ပြည်သူများကို ဓားစာခံများသဖွယ် ပိတ်ဆို့ထားကြောင်း သိရသည်။

ဓာတ်ပုံ-ဦးအောင်ကျော်ဇံ
ပုံစာ-စစ်တွေမြို့အတွင်း မြင်ကွင်း
#စစ်တွေ #စစ်ကောင်စီ #ပိတ်ဆို့ #ကုန်ဈေးနှုန်း #အဆမတန်မြင့်တက် #စစ်ရှောင်နေအိမ်များ #ရောင်းချစားသောက် #Ayeyarwaddy_Times