ဧရာဝတီတိုင်းမ်
(ဖားကန့်)၊ ဩဂုတ်လ ၅ ရက်

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာမှာ ဩဂုတ်လ ၃ ရက်နေ့က စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ ဘဏ်ရှေ့မှာ အမည်မသိလက်နက်ကိုင်အဖွဲ့ရဲ့ ပစ်ခတ်မှုခံခဲ့ရပြီး ဖြစ်စဉ်မှာ ဒုရဲမှူး တဦး သေဆုံး ခဲ့တယ်လို့ ဒေသခံတွေထံကသိရပါတယ်။

မှော်ရှန်ရပ်ကွက်က KBZ ဘဏ်ရှေ့မှာ ကားရပ်ထားချိန် အမည်မသိလက်နက်ကိုင်အဖွဲ့က လာပစ်ခဲ့လို့ ဒုရဲမှူးတဦးက အခင်းဖြစ်နေရာမှာသေဆုံးခဲ့သလို နောက်ထပ် ရဲအုပ်တဦးကတော့ ဆေးရုံရောက်မှာ သေဆုံး ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

“ ဖြစ်တဲ့နေရာမှာ ရဲမှူးက သေတာ ရဲအုပ်က ဆေးရုံရောက်မှ သေတာ ခုတော့ စစ်ဆေးတာတွေ ပိုပြီး ကြပ်လာတယ်”လို့ ဖားကန့်မြို့နေ အမျိုးသမီးတဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။
ပစ်ခတ်မှုဖြစ်စဉ်မှာ ကားပေါ်မှာရှိနေတဲ့ ဒုရဲမှူးကို အဓိကပစ်ခတ်ခဲ့တာဖြစ်ပြီး ရဲအုပ်ကတော့ ပေါင်နဲ့ ဗိုက်ကို ထိလို့ ဆေးရုံရောက်မှ သွေးထွက်လွန်သေဆုံးခဲ့တာလို့ ဒေသတွင်းသတင်းဌာနဖြစ်တဲ့ KNG က ဒေသခံတွေရဲ့ ပြောဆိုချက်ကို ဖော်ပြထားပါတယ်။

အမည်မသိလက်နက်ကိုင်အဖွဲ့ရဲ့ သေနတ် ၁၁ ချက်ပစ်ခတ်တာခံရပြီး သေဆုံးခဲ့တဲ့ စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်တွေဟာ ဇူလိုင်လပိုင်းက ဆိုင်းတောင်သပိတ်စစ်ကြောင်းက ပြည်သူ ၈ ဦးကို ဖမ်းဆီးခဲ့တဲ့ဖြစ်စဉ်နဲ့ သက်ဆိုင်သူတွေဖြစ်နိုင်တယ်လို့ ဆိုပါတယ်။