နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဧပြီ ၂၄ ရက်

အာဏာသိမ်းကာလ ကြာမြှင့်လာမှုနှင့်အတူ ဘက်ပေါင်းစုံ အရေးနိမ့်လာသော စစ်ခေါင်း ဆောင်က လူချိန်းအစားထိုး အနားပေးမှုများ ပြုလုပ်ခဲ့ရာမှ ယခုအခါ NLD အစိုးရ လက်ထက်ကတည်းက ဒုတိယသမ္မတ တာဝန်ယူခဲ့သည့် ဦးဟင်နရီဗန်ထီးယူကို ကျန်းမာရေးအရ တာဝန်မှ အနားယူခွင့် ပြုကြောင်း ထုတ်ပြန်ခဲ့သည်။

ဒုတိယသမ္မတ (၂) ဦးဟင်နရီဗန်ထီးယူကို ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ (၄၁၉) အရ ဧပြီ ၂၂ ရက်နေ့တွင် တာဝန်မှ အနားယူခွင့် ပြုလိုက်သည် ဆိုခြင်းကြောင့် စစ်ကောင်စီက ပိတ်လှောင်ခဲ့သည့် အကျဉ်းအကျပ် ဘဝထဲက အနားယူခွင့် ရသွားသော ဒုတိယ သမ္မတစ်ဦး ဖြစ်လာသည်။

“မူလကတည်းက ဗန်ထီးယူက မလုပ်ချင်ဘူးလို့ ယူဆနိုင်ပါတယ်။ အခု ဗန်ထီးယူမရှိရင် အရင် NLD အစိုးရက ခန့်ခဲ့တဲ့သူတစ်‌ဦး လျော့သွားတာပေါ့။ လွှတ်တော်က တစ်ယောက်တော့ ကျန်ပါသေးတယ်။ အကယ်၍ စစ်ကောင်စီ သက်တမ်း ၆ လ ထပ်တိုးရင် Legitimacy တရားဝင်မှု အားနည်းတာပေါ့” ဟု နိုင်ငံရေးလေ့လာ သုံးသပ်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

သို့သော်လည်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အနေဖြင့် ရန်ပတ်လည် ဝိုင်းနေသောကြောင့် ထိုအခြေအနေကို ဂရုစိုက်မည်ဟုပင် မထင်မိကြောင်း အဆိုပါ နိုင်ငံရေးလေ့လာသုံးသပ်သူက ဆက်လက်ပြောသည်။

အသက် ၆၀ ကျော်အရွယ်ရှိ ဦးဟင်နရီဗန်ထီးယူသည် ရန်ကုန် ဝိဇ္ဇာနှင့်သိပ္ပံ တက္ကသိုလ်မှ ဘွဲ့ရရှိခဲ့သည့် ချင်းလူမျိုး ဗိုလ်မှူးဟောင်းတစ်ဦးဖြစ်ပြီး ၂၀၁၅ ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီ ကိုယ်စားပြု အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အဖြစ် ချင်းပြည်နယ်၊ မဲဆန္ဒနယ်အမှတ် (၃)မှ ဝင်ရောက်ယှဉ်ပြိုင်ကာ အနိုင်ရရှိ၍ ဒုတိယသမ္မတ (၂) ဖြစ်လာခဲ့သည်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီတွင် စစ်တပ်က အာဏာသိမ်းခဲ့ပြီးနောက် သမ္မတ ဦးဝင်းမြင့်နှင့် နိုင်ငံတော် ၏ အတိုင်ပင်ခံပုဂ္ဂိလ်ဒေါ်အောင်ဆန်းစုကြည်တို့ကို ဖမ်းဆီးခဲ့သော်လည်း စစ်တပ် အရာရှိဟောင်းများဖြစ်သလို ဒုတိယသမ္မတ နှစ်ဦးဖြစ်ခဲ့သည့် ဦးမြင့်ဆွေနှင့် ဦးဟင်နရီဗန်ထီးယူကိုမူ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ (၄၂၄) အရဟုဆိုကာ တာဝန်ဆက်လက် ပေးအပ်ခဲ့သည်။

အဆိုပါ ဒုသမ္မတ နှစ်ဦးအနက် ဦးမြင့်ဆွေသည် စစ်ကောင်စီ၏ ယာယီသမ္မတဖြစ်လာပြီး ဦးဟင်နရီဗန်ထီးယူသည် စစ်ကောင်စီ၏ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ (ကာ/လုံ)တွင် အဖွဲ့ဝင်အဖြစ် ပါဝင်ခဲ့ရသည်။

ဒုသမ္မတဦးဟင်နရီဗန်ထီးယူသည် ကာလုံတွင် အဖွဲ့ဝင်အဖြစ် ပါဝင်ခဲ့ရသော်လည်း စစ်တပ် အာဏာ သိမ်းပြီးနောက် ခေါ်ယူခဲ့သည့် အစောပိုင်း ကာလုံအစည်းအဝေးတွင်ပင် ကျန်းမာရေးအကြောင်းပြကာ ခွင့်ယူ၍ လူမြင်ကွင်းမှ ပျောက်ကွယ်ခဲ့သည်။

ဒုတိယသမ္မတ (၂) ဦးဟင်နရီဗန်ထီးယူသည်၂၀၂၂ ခုနှစ် ဇန်နဝါရီ ၃၁ ရက်နှင့် ဇူလိုင် ၃၁ ရက်၊ ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၃၁ ရက်တို့တွင် ကျင်းပသော စစ်ကောင်စီ၏ ကာလုံအစည်းအဝေးတို့ကို ကျန်းမာရေး အကြောင်းပြချက်ဖြင့် ခွင့်ယူခဲ့သော်လည်း ၂၀၂၃ ခုနှစ် ဇူလိုင် ၃၁ ရက် ကာလုံ အစည်းအဝေးကိုမူ တက်ရောက်ခဲ့ရသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ NLD ပါတီက ဩဂုတ် ၈ ရက်တွင် ဒုတိယဗဟိုကော်မတီ ကြားကာလအရေးပေါ် အစည်းအဝေးခေါ်ယူ၍ ဆွေးနွေးခဲ့ပြီး ပြည်သူလူထုကို အကြမ်း ဖက်နှိပ်စက်၊ ဖမ်းဆီးသတ်ဖြတ်လျက် စစ်ရာဇဝတ်မှုပေါင်းများစွာ ကျူးလွန်နေသည့် စစ်ကောင်စီနှင့် ပူးပေါင်းသည်ဟုဆိုကာဒုတိယသမ္မတ (၂) ဦးဟင်နရီဗန်ထီးယူ အား ပါတီဝင်အဖြစ်မှ ထုတ်ပယ်ကြောင်း ထုတ်ပြန်ခဲ့သည်။

လက်ရှိတွင် စစ်ကောင်စီက ကျန်းမာရေးအရ အနားယူခွင့် ပေးလိုက်သော်လည်း ဦးဟင်နရီဗန်ထီးယူသည် လွတ်လပ်စွာ သွားလာနေထိုင်ခွင့် ရရှိလိမ့်မည်မဟုတ်ဘဲ အကျယ်ချုပ်ပုံစံဖြင့်သာ နေပြည်တော်တွင် ဆက်ရှိနေဦးမည်ဖြစ်ကြောင်း လေ့လာ သူများက ဝေဖန်ထောက်ပြကြသည်။

အာဏာသိမ်း စစ်ကောင်စီတပ်များသည် ချင်းတော်လှန်ရေးတပ်များ​နှင့် တိုက်ပွဲများဖြစ်ပွားပြီးနောက် ၂၀၂၁ ခုနှစ် စက်တင်ဘာလတွင် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ၏ ဇာတိဖြစ်သည့် ထန်တလန်မြို့နယ်ကို မီးရှို့ဖျက်ဆီးခဲ့၍ အိမ်ခြေ ရာနှင့်ချီဆုံးရှုံးခဲ့ရပြီး ဒေသခံအများစုမှာ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်သို့ ထွက်ပြေးခဲ့ကြရသည်။

ပုံစာ- ဦးဟင်နရီဗန်ထီးယူ(ဝဲ)ကို စစ်ခေါင်းဆောင်နှင့်အတူ တွေ့ရစဉ် (ပုံဟောင်း)

#အကျဉ်းအကျပ် #အနားယူခွင့်ရ #နေအိမ်အကျယ်ချုပ် #ဒုသမ္မတဦးဟင်နရီဗန်ထီးယူ #Ayeyarwaddy_Times