
ဧရာဝတီတိုင်းမ်
ဧပြီ ၂၄ ရက်
ပူပြင်းခြောက်သွေ့သော အယ်နီညိုရာသီဥတု အားလျော့လာသော်လည်း ယနေ့ ဧပြီ ၂၄ ရက်နေ့တွင် ရန်ကုန်မြို့ အပူချိန်မှာ ၄၀ ဒီကရီစင်တီဂရိတ် အထိရှိနိုင်ကာ နိုင်ငံတစ်ဝန်းအပူချိန်မြင့်တက်နေဆဲဖြစ်ပြီး ကျန်းမာရေး ထိခိုက်မှုများရှိလာကြောင်း သိရသည်။
ယနေ့ ဧပြီ ၂၅ ရက်နေ့ အပူချိန်များမှာ မုံရွာနှင့်မကွေးမြို့တွင် အပူချိန် ၄၄ ဒီဂရီစင်တီဂရိတ်၊ မန္တလေးမြို့တွင် ၄၃ ဒီဂရီစင်တီဂရိတ် ၊ ပဲခူးမြို့တွင် ၄၁ ဒီဂရီစင်ဂရိတ် နှင့် ရန်ကုန်မြို့တွင် ၄၀ ဒီဂရီစင်တီဂရိတ်ရှိနိုင်ကြောင်း စစ်ကောင်စီ၏ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန(မိုး/ဇလ)က ထုတ်ပြန်သည်။
မြန်မာနိုင်ငံ အလယ်ပိုင်းဒေသ ချောက်နှင့် မကွေးမြို့တို့တွင် အပူချိန်အမြင့်ဆုံးဖြစ်ပြီး ၄၅ ဒီဂရီစတင်တီဂရိတ်အထိရှိ ကြောင်း ပြီးခဲ့သည့် ဧပြီ ၂၂ ရက်နေ့တိုင်းတာချက်များအရ သိရသည်။
လက်ရှိအပူချိန်မြင့်တက်နေသောကြောင့် ကလေးသူငယ်များနှင့် သက်ကြီးရွယ်အိုများ၊ ရောဂါအခံရှိသူများအတွက် ကျန်းမာရေးထိခိုက်မှုများဖြစ်ပေါ်လာနိုင်သည့်အတွက် မနက် ၁၀ နာရီမှ ညနေ ၅ နာရီအတွင်း အမိုးအကာရှိသည့် နေရာများတွင်သာ နေထိုင်ရန် ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူများက အသိပေးထားသည်။
“ အရမ်းပူတော့ နေရတာတော်တော်မသက်သာဘူး။ လူကလှုပ်ကိုမလှုပ်နိုင်ဘူး။ ဘာမှမလုပ်ချင်ဘူး။ ချွေးသီး ချွေးပေါက်တွေကျပြီးတော့ အသက်ရှူကြပ်၊ခေါင်းကိုက်တယ်။ ခေါင်းတစ်ခါကိုက်ရင် သုံးလေးရက်ကြာတယ်။ ပူတော့ည ဘက်အိပ်မပျော်၊ အိပ်မပျော်တော့ ခေါင်းကိုက်တာပိုးဆိုးတယ်” ဟု ရန်ကုန်မြို့နေထိုင်သူ နှလုံးရောဂါသည် အမျိုးသမီးတစ်ဦးက ပြောကြားသည်။
အပူချိန်မြင့်တက်နေ၍ အပူဒဏ်ကြောင့် သတိလစ်ခြင်း Heat stroke ဖြစ်ပေါ်ပါက အပူချိန်ကို ပြန်ထိန်းညှိပေးရန် ချွေးလုံးဝမထွက်နိုင်တော့၍ အသက်သေဆုံးသည် အထိဖြစ်ပေါ်နိုင်ကြောင်း ကျန်းမာရေး အသိပညာပေးဆောင်းပါးများ ရေးသားနေသူ ဒေါက်တာမိုးသစ်နေက ဆိုသည်။
အယ်နီညိုရာသီဥတုကြောင့် မြန်မာနိုင်ငံ တောင်ပေါ်ဒေသများဖြစ်သည့် ပြင်ဦးလွင်၊ ကလောနှင့် တောင်ကြီးမြို့များတွင်ပင် အပူချိန်မြင့်တက်မှုဒဏ်ကို ခံစားနေရကြောင်း သိရသည်။
“ ဒီနှစ်တော်တော်ပူတာ။ အရင်ကဆို ဒီမှာ ( ပြင်ဦးလွင်) နေ့လယ်ရေချိုးပြီးရင် အင်္ကျီလက်ရှည်လေး ထပ်ဝတ်ရတယ်။ ဒီနှစ်ကတော့ ပူလို့အင်္ကျီမထက်နိုင်တဲ့အပြင် အေးတဲ့အသားအင်္ကျီတွေရှာဝတ်နေရတယ်။ စပန့်လို။ ချည်သားတွေဝတ်ရတယ်။ မနှစ်ကနဲ့ ဒီနှစ်တခြားစီပဲ ” ဟု ပြင်ဦးလွင်နေထိုင်သူ အမျိုးသမီးတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
ယခင်နှစ်များက နွေရာသီကာလတွင် ပြင်ဦးလွင်မြို့ရှိ ပျှမ်းမျှအပူချိန်သည် ၂၅ ဒီဂရီစင်တီဂရိတ်မှ ၂၉ ဒီဂရီစင်တီဂရိတ်ရှိရာမှ ယခုနှစ်တွင် ၃၀ ဒီဂရီစင်တီဂရိတ်မှ ၃၅ ဒီဂရီစင်တီဂရိတ်ရှိကြောင်း Accu Weather ဝဘ်ဆိုက်တွင်ဖော်ပြထားသည်။
ရာသီဥတုပြောင်းလဲမှုကြောင့် ကမ္ဘာအပူချိန်မြင့်တက်နေရာ မြန်မာနိုင်ငံတွင်လည်း အပူချိန်မြင့်တက်နေသဖြင့် အပူဒဏ်ကြာရှည်စွာခံစားရပါက ကျန်းမာရေး ဆိုးဝါးမှုများနှင့် သေဆုံးနှုန်းမြင့်မားခြင်းများတွေ့ရှိရကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနက ဖော်ပြထားသည်။
ထို့ပြင် အပူအအေးလွန်ကဲမှုကြောင့် နာတာရှည်ကျန်းမာရေးပြဿနာများဖြစ်သည့် နှလုံးနှင့် သွေးကြောရောဂါ၊ အသက်ရှူလမ်းကြောင်းရောဂါ၊ ဦးနှောက်သွေးကြောရောဂါနှင့် ဆီးချိုရောဂါ အစရှိသည်ကို ပိုမိုဆိုးရွားစေနိုင်ကြောင်း သိရသည်။
လာမည့်ရက်သတ္တပတ်များတွင် မြောက်ပိုင်းစွန်းနှင့် တောင်ပိုင်းစွန်းပိုင်းတွင် မိုးတိမ်တောင်ငယ်များ စတင် ဖြစ်ပွားပြီး အချိန်အခါမဟုတ် မိုးထစ်ချုန်းရွာသွန်းနိုင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်း စာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။
NLD အရပ်သား အစိုးရလက်ထပ် ၂၀၁၉ ခုနစ်တွင်ကျရောက်သော အယ်နီညိုရာသီဥတုအချိန်တွင် ပြည်သူများ အပူဒဏ်သက်သာစေရန်အတွက် အပူပိုင်းဒေသများအပါအဝင် မုံရွာ၊ ဆားလင်းကြီးနှင့် ပုလဲမြို့နယ်တို့တွင် အပူရှောင်စခန်းများဖွင့်လှစ်ခဲ့သည်။
ဓာတ်ပုံ – ဧရာဝတီတိုင်းမ်
#အပူချိန်မြင့်တက်နေဆဲ #နိုင်ငံတစ်ဝန်း #ကျန်းမျာရေးထိခိုက်မှုရှိ #Ayeyarwaddy_Times