ဧရာဝတီတိုင်းမ်
(ရေဖြူ) ၊ဧပြီ ၂၄ ရက်

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ် ၊ ကျောက်နီမော်ကျေးရွာ သို့ ထားဝယ်မြစ်ကြောင်း အတိုင်း စုန်ဆင်းလာသည့် စစ်ကောင်စီတပ်သားများလိုက်ပါလာသည့် စက်လှေတစ်စီး ကို ယမန်နေ့ ဧပြီ ၂၃ ရက် နေ့လယ်ပိုင်းတွင် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း လောင်းလုံး မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ထံက သိရသည်။

ယမန်နေ့ နေ့လယ် ၁၁ နာရီ ၄၅ မိနစ်ခန့်က ထားဝယ်မှ လောင်းလုံးမြို့နယ် ကျောက်နီမော်ကျေးရွာသို့ ထားဝယ်မြစ်ကြောင်းအတိုင်း စုန်ဆင်းလာသည့် စစ်ကောင်စီ တပ်သား ၂၀ ကျော် ခန့်လိုက်ပါလာသည့် စက်လှေကို လောင်းလုံးမြို့နယ် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ ရဲဘော်များက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုများရှိကြောင်းသိရသည်။

” စစ်ကောင်စီတပ်သားတွေ လိုက်ပါလာတဲ့ စက်လှေကို ကျွန်တော်တို့ ကြားဖြတ် တိုက်ခိုက်ခဲ့တယ်။လက်နက်ကြီး နဲ့ ပစ်တာ စက်လှေကို နှစ်လုံးထိတယ်ဗျ။ တစ်လုံးက လှေဦးခေါင်းပိုင်း ကိုထိပြီး နောက်တစ်လုံးက လှေ အလယ်ပိုင်းတည့်တည့်ကိုထိတယ်။ စက်လှေကို ထိမှန်ပြီးတာနဲ့ ကျောက်နီမော်ရွာဘက်ကို အရှိန်ကုန်တင်ပြီး မောင်းနှင်သွားတယ်။ ထိခိုက်သေဆုံးမှုတော့ရှိတယ်” ဟု လောင်းလုံးပကဖ၏ ပြောရေး ဆိုခွင့်ရှိသူ ကိုရှဲဒိုး က ဧရာဝတီတိုင်းမ် ကိုပြောသည်။

အဆိုပါ တိုက်ခိုက်မှုဟာ နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှု ၁၅ မိနစ်ခန့်ကြာမြင့်ခဲ့ပြီး စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုတွေရှိသော်လည်း အသေးစိတ် အခြေအနေ ကို ဆက်လက်စုံစမ်းလျှက်ရှိကြောင်းသိရသည်။

အဆိုပါ ပစ်ခတ်တိုက်ခိုက်မှုကို လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ မှ လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေးရဲဘော်များဘက်မှ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရသည်။

ဓာတ်ပုံ-လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့
#လောင်းလုံးမြို့နယ် #ကျောက်နီမော်ရွာ #ထားဝယ်မြစ်ကြောင်း #စစ်ကောင်စီတပ်သားများ #စက်လှေ #ပစ်ခတ်တိုက်ခိုက်ခံရ #Ayeyarwaddy_Times