အယိုက်လင်း/ ဧရာဝတီတိုင်းမ်
ဧပြီ ၂၄ ရက်

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးမြို့ကို သိမ်းပိုက်ရရှိသည်အထိ အာရက္ခတပ်တော်(AA)၏ အကူအညီဖြင့် အရှိန်မြင့် ဆက်လက် တိုက်ခိုက်သွားမည်ဖြစ်ကြောင်း ချင်းညီနောင်အဖွဲ့က ယမန်နေ့ ဧပြီလ ၂၃ ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

ချင်းညီနောင် စစ်ဆင်ရေးအဖြစ် ကျင်ဒွေးမြို့ကို ပြီးခဲ့သည့် မတ်လ ၇ ရက်နေ့မှစ၍ မြို့ပတ်လည် ပိတ်ဆို့တိုက်ခိုက်ခဲ့သည့်ကြားမှ စစ်ကောင်စီသည် မတ်လ ၂၃ ရက်နေ့ နှင့် ဧပြီလ ၂၀ ရက်နေ့တွင် ရဟတ်ယာဥ်ဖြင့် အင်အား ၃၀၀ နီးပါးဖြည့်တင်းပြီး တိုက်ပွဲပြင်းထန်နေဆဲဖြစ်ကြောင်း သိရသည်။

ကျင်ဒွေး မြို့သိမ်းတိုက်ပွဲ နှစ်လ နီးပါးအကြာ နှစ်ဖက်တိုက်ပွဲတွင်း အပြန်အလှန် ပစ်ခတ်သည့် လက်နက်ကြီးကျည်ကြောင့် မြို့ရှိ အရပ်သား နေအိမ်များ၊ အစိုးရ အဆောက်အဥဦးများအားလုံးစုံနီးပါး ပျက်စီးသွားကြောင်း ဒေသခံများထံက သိရသည်။

“အရင်တိုက်ပွဲဖြစ်ကတည်းက အရပ်သားတွေ မြို့ထဲမှာ မနေတော့ဘဲ တောတောင်တွေထဲမှာ ရှောင်ထွက်ကုန်ပါတယ်။ ​ကျင်ဒွေးမြို့ရဲ့ အဝင်မှာ သုံးထပ် အဆောင်အဦးရှိတယ်။ အဲ့ဒီ အဆောက်အဦးမှာ စစ်တပ်တွေက အခိုင်မာတပ်စွဲထားပြီး ခုခံတိုက်ခိုက်နေပါတယ်။ စစ်ရေးအရှိန်မြင့်တာနဲ့အမျှ စစ်တပ်က လေကြောင်းကနေ တိုက်ခိုက်ခဲ့တယ်။ ဟိုဘက်ဒီဖက် လက်နက်ကြီးတွေ အပြန်အလှန် ထုတယ်။ ကျင်ဒွေးမြို့ဟာ အားလုံးနီးပါး ပျက်စီးသွားသလို ဖြစ်နေပါပြီ။ မပျက်စီးတဲ့ နေအိမ်ဆိုတာ မရှိတော့ဘူး။ မြို့ထဲမှာ ဘယ်အရပ်သားမှမရှိတော့ဘူး ” ဟု ထွက်းပြေးတိမ်းရှောင်နေရသည့် ကျင်ဒွေးမြို့ခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ကျင်ဒွေး မြို့သိမ်း တိုက်ပွဲတွင် စစ်ကောင်စီသည် ကျေးရွာများကို ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် ကျေးရွာရှိ စာသင်ကျောင်းနှင့်အရပ်သားနေအိမ်များ ပျက်စီး၍ အရပ်သားပြည်သူ ထိခိုက်မှုရှိကြောင်း သိရသည်။ စစ်ကောင်စီဘက်က မည်သို့ပင် အင်အားဖြည့်တင်းပြီး လေကြောင်းတိုက်ခိုက်မှု ပြုလုပ်စေကာမှု (လုံးဝ) နောက်မဆုတ်ဘဲ မဟာမိတ်တပ်ဖွဲ့များနှင့်အတူ ပူးပေါင်းကာ ကျင်ဒွေးမြို့ သိမ်းပိုက်ရရှိသည့်အထိ တိုက်ခိုက်သွားမည်
ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ချင်းညီနောင်အဖွဲ့အနေဖြင့် ကျင်ဒွေးမြို့ တိုက်ပွဲတွင် အစစအရာရာ အကူအညီပေးသော အာရက္ခတပ်တော်(AA)ကိုလည်း ကျေးဇူးအထူးတင်ရှိကြောင်း ထုတ်ဖော်ပြောဆိုထားသည်။

ချင်းညီနောင်အဖွဲ့၏ ချင်းညီနောင် စစ်ဆင်ရေးတွင် ပြည်သူ့ကာကွယ်ရေးတပ်(ဇိုလဲန်း)၊ ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNDF)၊ ချင်းလဲန်းကာကွယ်ရေးတပ်(မင်းတပ်)၊ မရာလဲန်းကာကွယ်ရေးအဖွဲ့ (MDF)၊ ချင်းလဲန်းကာကွယ်ရေးတပ်(ကန်ပက်လက်)နှင့် ချင်းလဲန်းကာကွယ်ရေးတပ်(မတူပီ)၏ တပ်မဟာ(၁) တို့ ပါဝင်သည်။

#ချင်းပြည်နယ် #ကန်ပက်လက်မြို့နယ် #ကျင်ဒွေးမြို့ #အာရက္ခတပ်တော် #AA #ချင်းညီနောင်အဖွဲ့
#Ayeyarwaddy_Times
Boost th