ဧရာဝတီတိုင်းမ်
ဧပြီ ၂၄ရက်

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆယ်ဇင်းကျေးရွာရှိ စစ်ကောင်စီ၏ ခမရ ၁၁၆ တပ်ရင်းကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) က အပြီးသတ် သိမ်းပိုက် လိုက်ပြီဖြစ်ကြောင်း သိရသည်။

ဆယ်ဇင်းရွာရှိ တပ်မ (၃၃) လက်အောက်ခံ ခြေမြန်တပ်ရင်း ခမရ-၁၁၆ကို ယနေ့ ဧပြီ ၂၄ရက်နေ့ နံနက် ၁ နာရီတွင် KIA က အပြီးသတ်ထိုးစစ်ဆင်တိုက်ခိုက်ပြီး သိမ်းယူ လိုက်ပြီဖြစ်ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်ထံက သိရသည်။

“ခမရ ၁၁၆ရော ဘုန်းကြီးကျောင်းမှာ တပ်စွဲထားတဲ့ SNA (ရှမ်းနီ) တပ်တွေကိုရော တိုက်ထုတ်လိုက်တယ်။ ၂ ရက်လုံးလုံး လေကြောင်းပစ်ကူလာတယ်။ အဲဒီ့ကြားထဲက စခန်းသိမ်းနိုင်တယ်” ဟု ကချင်စစ်ရေးသတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

ဆယ်ဇင်းကျေးရွာ ဘုန်းကြီးကျောင်းတွင် တပ်စွဲနေသည့် စစ်ကောင်စီလက်‌ေအာက်ခံ ရှမ်းနီပြည်သူ့စစ် SNAတပ်ကို ယမန်နေ့ ဧပြီ ၂၃ရက် ညပိုင်းတွင် KIAက ဝင်ရောက် တိုက်ခိုက်ရှင်းလင်းနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ စခန်းသိမ်းတိုက်ပွဲကို ကချင်လွပ်လပ်ရေးတပ်မတော် KIA၏ တပ်မဟာ (၉) ၊ တပ်ရင်း ၂၆ကဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“တပ်ရင်းသိမ်းပြီးတော့ နယ်မြေရှင်းလင်းမှုလုပ်ဆောင်နေပါတယ်။ လေယာဉ်လည်း ဆက်တိုက်ဝဲနေတော့ သိမ်းဆည်းရမိလက်နက်အခြေအနေနဲ့ ထွက်ပြေးတဲ့ တပ်သား (စစ်ကောင်စီတပ်သား)နဲ့ ဖမ်းမိတပ်သားတွေကို စိစစ်နေပါတယ်” ဟု စစ်ရေး သတင်းရင်းမြစ်က ဆိုသည်။

ပြီးခဲ့သည့် ဧပြီ ၉ ရက်နေ့က စစ်ကောင်စီ၏ ဆယ်ဇင်းရဲစခန်းကို KIA ပူးပေါင်းတပ်များက ဝင်ရောက်တိုက်ခိုက်ရာ စခန်းအတွင်းတပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ရဲသား စုစုပေါင်း ၂၃ ဦး လက်နက်ချအညံ့ခံခဲ့ကြောင်း သိရသည်။

ထို့အပြင် ဧပြီ ၁၉ရက်နေ့ကဖြစ်ပွားခဲ့သည့် ဝိုင်းမော်မြို့နယ်၊ လုမြန်ကျေးရွာတိုက်ပွဲ တွင် စစ်ကောင်စီ၏ ကားနှစ်စီးနှင့် လက်နက်ခဲယမ်းများကို KIAက သိမ်းပိုက်ရရှိခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုများရှိခဲ့ကြောင်း သိရသည်။

ပုံစာ-KIA ပူးပေါင်းတပ်
#ဖားကန့် #ဆယ်ဇင်းကျေးရွာ #စစ်ကောင်စီ #ခမရ၁၁၆တပ်ရင်း #KIAထိုးစစ်ဆင် #သိမ်းပိုက် #Ayeyarwaddy_Times