ဧရာ၀တီတိုင်းမ်
ဧပြီ ၂၃ ရက်

ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC) ဟာ ပြီးခဲ့တဲ့ ဧပြီ ၁၆ ရက်နေ့က သတင်းမီဒီယာတွေနဲ့ ပတ်သက်ပြီး အချက် ခုနစ် ချက်ပါတဲ့ မီဒီယာကျင့်ဝတ်ဆိုင်ရာ ညွှန်ကြားချက် တစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။

IEC နည်းတူ ကရင်အမျိုးသားအစည်းအရုံး (KNU) ကလည်း ပြင်ပ သတင်းမီဒီယာများ သတင်းရယူခြင်း နှင့်ပတ်သက်၍ အသိပေးကြေငြာချက်ဟူသည့် ကြေညာချက် တစ်စောင်ကို ပြီးခဲ့တဲ့ ဧပြီ ၂၁ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။

အဲ့ဒီလို တော်လှန်ရေးအဖွဲ့အစည်းအချို့က ထုတ်ပြန်ခဲ့တဲ့ သတင်းမီဒီယာဆိုင်ရာ စည်း ကမ်းချက် ထုတ်ပြန်မှုတွေဟာ သတင်းမီဒီယာတွေအတွက် လွတ်လပ်စွာ သတင်းရ ယူခွင့်နဲ့ ပြည်သူလူထုရဲ့ သတင်းသိပိုင်ခွင့်အပေါ် ကန့်သတ်ချုပ်ချယ်တဲ့ အနေအထား ဖြစ်နေတယ်လို့ ထောက်ပြဝေဖန်မှုတွေ ရှိနေပါတယ်။

ဒီအပေါ်မှာ သတင်းမီဒီယာ အဖွဲ့အစည်းတွေအနေနဲ့ ဘယ်လိုများ သဘောထားပါသလဲ ဆိုတာ သိရှိနိုင်ဖို့ အတွက် ဧရာ၀တီတိုင်းမ် သတင်းဌာနက မေးမြန်းခဲ့ပါတယ်။

🔴 နန်းဖော့ဂေ( ဥက္ကဋ္ဌ )
လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီ (IPCM)

ကရင်နီပြည်နယ် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) နဲ့ ကရင်အမျိုးသား အစည်းအရုံး (KNU) နှစ်ဖွဲ့က သတင်းမီဒီယာတွေအတွက် သတင်းရယူခွင့်ဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေ ရှေ့ဆင့်နောက်ဆင့် ထုတ်ပြန်နေတဲ့အပေါ် ကျင့်ဝတ်နဲ့အညီ သတင်းရယူ တင်ဆက်နေတဲ့ မီဒီယာတွေ၊ သတင်းထောက်တွေအတွက်က ကန့်သတ်ထိန်းချုပ်မှုတွေတော့ ဖြစ်လာစေပါတယ်။

မီဒီယာမှာလည်း ဆိုရှယ်မီဒီယာနဲ့ ပရော်ဖက်ရှင်နယ် မီဒီယာဆိုတာရှိတော့ မီဒီယာ ကျင့်ဝတ်နဲ့အညီ လုပ်ဆောင်နေတဲ့ သတင်းထောက်တွေကတော့ ဒီလုပ်ထုံးလုပ်နည်းကို နားလည်ပြီးသားဖြစ်သလို လိုက်ပါလုပ်နေကြတာချည်းပါ။ သို့သော် အခုလို ခြုံငုံထုတ်ပြန်လိုက်ခြင်းက ပရော်ဖက်ရှင်နယ် မီဒီယာတွေအတွက် သတင်းရယူမှုတွေနဲ့ ခိုင်လုံတဲ့ သတင်းအချက်အလက်တွေကို လူထုတွေ သိရှိပိုင်ခွင့်တွေ နှောင့်နှေးမှုအတွက် စိန်ခေါ်မှုဖြစ်စေပါတယ်။

=================

🔴ဦးကျော်ကျော်မင်း(ဥက္ကဋ္ဌ)
လွတ်လပ်သော မြန်မာသတင်းစာဆရာများ အစည်းအရုံး (IMJA)

တိုတိုနဲ့လိုရင်း ပြောရမယ်ဆိုရင်တော့ နောက်ကျောမလုံတော့ဘူးပေါ့‌ဗျာ။ ရှေ့မှာလည်း သေနတ်ပြောင်း၊ နောက်မှာလည်း သေနတ်‌ပြောင်းဆိုတော့ နည်းနည်းတော့ လုပ်ရ ကိုင်ရတာတွေ ကြပ်ကုန်တာပေါ့။ ပထမဆုံး ကရင်နီကနေပြီးတော့ ညွှန်ကြားချက် ပေါ့နော်။သူတို့ကတော့ ကျင့်ဝတ်လို့သုံးထားတာပေါ့။ ကျွန်တော်တို့ကတော့ ညွှန်ကြားချက် လို့ပဲ ပြောရမယ်နဲ့တူတယ်။

ညွှန်ကြားချက်ဆိုပြီး ထွက်လာတဲ့ဟာကကျတော့ သတင်းရယူခွင့်ကိုပဲ ကန့်သတ်ထား တာမျိုး ‌တွေ့ရတယ်ပေါ့။ ဒါပေမယ့် ကရင်အမျိုးသားအစည်းအရုံး (KNU) ရဲ့ ထုတ်ပြန်ချက်မှာကျတော့ သတင်းရယူခွင့်ကိုပဲ ကန့်သတ်လိုက်တာ မဟုတ်ဘူးပေါ့နော်။ အဲ့ဒီထက်ပိုဆိုးတာက ဆင်ဆာ (Censorship) ကိုပါ တစ်ခါတည်းတွေ့ရတယ်။ ဆိုတော့ ဒါက တော်တော်စိုးရိမ်စရာကောင်းတဲ့ကိစ္စ ဖြစ်လာတာပေါ့နော်။ တစ်ဖွဲ့ထက်တစ်ဖွဲ့က ပိုပြီးတော့ နေရာ လွတ်လပ်ခွင့်ကို တင်းတင်းကြပ်ကြပ် ချုပ်ကိုင်လာတဲ့အနေ အထား ဖြစ်နေတဲ့ အခါကျတော့ ရှေ့မှာ ကျွန်တော်တို့ဘယ်လို အလုပ်လုပ်ရမလဲ ဆိုတာတော့ တော် တော်စဉ်းစားစရာ ကိစ္စဖြစ်လာတယ်။

လုံခြုံရေးတွေ၊ စစ်ရေးအခြေအနေတွေဆိုတဲ့ ကိစ္စတွေကို ကျွန်တော်တို့ နားလည်တယ်။ ဒါပေမယ့် ဒီသုံးနှစ်တာအတွင်းမှာ မီဒီယာစစ်စစ်တွေကနေပြီးတော့ လုံခြုံရေးကျိုး ပေါက်အောင် ဒါမှမဟုတ်လို့ရှိရင် စစ်ရေးအခြေအနေမှာ ထိခိုက်အောင်များ လုပ်ခဲ့ ဖူးတဲ့နမူနာများ ရှိလားလို့ ကျွန်တော်ကတော့ မေးခွန်းပြန်ထုတ်ချင်တယ်။ ဆိုတော့ ကျွန်တော်ကတော့ အဲ့ဒါမျိုးထင်ရှားတဲ့သာဓကမျိုးတွေ ကျွန်တော်တို့ မတွေ့ခဲ့ရဘူး။

ဆိုရှယ်မီဒီယာတွေကိုထိန်းသိမ်းချင်လို့ရှိရင် ဆိုရှယ်မီဒီယာအကောင့်တွေကနေ တင်တာက ပရော်ဖက်ရှင်နယ် မီဒီယာတွေတော့ မဟုတ်နေဘူးဆိုတာကို သူတို့ သတိပြုသင့်တယ်ပေါ့နော်။ ကြုံရာအကောင့်တွေ တင်တာက ပရော်ဖက်ရှင်နယ် မီဒီယာတွေ မဟုတ်ဘူး။ ပရော်ဖက်ရှင်နယ် မီဒီယာတွေက အလုပ်လုပ်ကိုင်မှုတွေက ကျင့်ဝတ်တွေ၊ စံနှုန်းတွေနဲ့ လိုက်နာရမယ့် စည်းမျဉ်းစည်းကမ်းတွေအောက်မှာပဲ အလုပ်လုပ်တယ်။ ဒါကိုမှထပ်ပြီးတော့ ဒီလိုမျိုး ကန့်သတ်မှုတွေ၊ ချုပ်ချယ်မှုနဲ့ ဆို‌တဲ့ဥစ္စာက ဒီမိုကရေစီနည်းမကျသလို ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအတွက် တိုက်ပွဲဝင်နေတဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေလည်း မပီသနေဘူးပေါ့နော်။ ဒီလိုပုံနဲ့သာ ရှေ့ဆက်ရင်တော့ ကျွန်တော်တို့ မီဒီယာလွတ်လပ်ခွင့်ကြီးက ဆုံးဆုံးမြုပ်သွား မယ်နဲ့တူတယ်။

စိတ်ဝင်စားစရာ တစ်ခုကတော့ လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီဆိုတဲ့ IPCM က ဒီကိစ္စကို ဘယ်လိုကိုင်တွယ်မလဲဆိုတာပါပဲ။ ဘာကြောင့်လဲဆိုတော့ IPCM ရဲ့ ဥက္ကဌကလည်း Karen Information Center (KIC) က ဖြစ်နေတဲ့အတွက်ကြောင့် ဒါကို ဘယ်လိုကိုင်တွယ်မလဲ ဆိုတာကတော့ တော်တော်စိတ်ဝင်စားစရာ ကောင်းမယ်လို့ထင်ပါတယ်။

=================

🔴ဦးဥာဏ်လင်းထက် (ဥက္ကဋ္ဌ)
Burma Media Consortium (BMC)

အခုထုတ်ပြန်ထားတဲ့ ညွှန်ကြားချက်ပဲဆိုဆို ပေါ်လစီပဲဆိုဆို ဒီဟာတွေဟာ ယေဘုယျ ကြည့်လိုက်ရင်ကို မြန်မာမှာပဲဖြစ်ဖြစ်၊ ကမ္ဘာမှာပဲဖြစ်ဖြစ် အာဏာရှင်အဆက်ဆက် ထုတ်ပြန်ကျင့်သုံးခဲ့တဲ့ ညွှန်ကြား ချက်တွေနဲ့ တူနေတယ်။ အားလုံးဟာ ဖက်ဒရယ်ဒီမိုကရေစီကို သွားဖို့ ကြိုးပမ်းနေကျချိန်မှာ ဖက်ဒရယ်ဒီမိုကရေစီရဲ့ အလေ့အကျင့်တွေကို အခုကတည်းက ပျိုးထောင်ထားသင့်တယ်။ အာဏာရှင်ဆန်တာ တွေကို ရှောင်ရှားသင့်ပါတယ်။

နောက်တစ်ခုက ညွှန်ကြားချက်တွေမှာပါတဲ့ အဖွဲ့အစည်းဂုဏ်သိက္ခာ ထိခိုက်စေတဲ့ သတင်းတို့၊ စစ် ဆင်ရေးကိစ္စ၊ အုပ်ချုပ်ရေးကိစ္စတို့ကို ထိခိုက်စေတဲ့ သတင်းတို့ မဖော်ပြရ မရေးရဆိုတာမျိုးက ကိုယ့်အဖွဲ့အစည်း၊ ကိုယ့်စစ်ဆင်ရေး၊ ကိုယ့်အုပ်ချုပ်ရေးနဲ့ ပတ်သက်တဲ့ အပြင်ကိုမထွက်စေချင်တဲ့ သတင်းမျိုးဆိုရင် အပြင်ကို မထွက်အောင် ကိုယ့်အဖွဲ့အစည်းထဲမှာကိုယ် စည်းမျဉ်းစည်းကမ်း သတ်မှတ်ထားရမှာ ဖြစ်ပါတယ်။ သတင်းသမားကို ထိန်းချုပ်ဖို့ ကြိုးစားရမှာမဟုတ်ပါဘူး။

သတင်းသမားဟာ သူရလာတဲ့အချက်အလက်ကို သတင်းသမားကျင့်ဝတ်၊ အများ ပြည်သူအကျိုးစီးပွား၊ သတင်းသက်ရောက်မှု၊ သတင်းတိုက်ရဲ့ မူဝါဒ ဒါတွေနဲ့ ချိန်ညှိပြီး သတင်းထုတ်သင့် မထုတ်သင့် ဆုံးဖြတ်မှာဖြစ်ပါတယ်။ ဒါကိုထိန်းချုပ်ဖို့၊ ကန့်သတ်ဖို့ ကြိုးစားရင် ဒါဟာ သတင်းလွတ်လပ်ခွင့်ကို ချိုးဖောက်တာဖြစ်ပါတယ်။ ဒါ့အပြင် အခြေခံလူ့အခွင့်အရေးတွေဖြစ်တဲ့ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်နဲ့ ပြည်သူလူထုရဲ့ သတင်းသိပါခွင့်ကို ချိုးဖောက်တာဖြစ်ပါတယ်။ ဒီနေရာမှာ သတင်းအချက် အလက် မှားတာ၊ အကောက်အယူလွဲတာရှိရင် သက်ဆိုင်ရာသတင်းဌာန၊ သတင်းဌာနနဲ့ သက်ဆိုင်တဲ့အဖွဲ့အစည်း ဥပမာ-လွတ်လပ်တဲ့သတင်းမီဒီယာ ကောင်စီလို မျိုး၊ ဒါတွေနဲ့ညှိနှိုင်းပြီး ကိစ္စရပ်တစ်ခုချင်းအလိုက် ဖြေရှင်းရမှာဖြစ်ပါတယ်။ အကုန်လုံးကို သိမ်းကြုံးပြီး ညွှန်ကြားချက်တွေ၊ အမိန့်တွေထုတ်တာမျိုး မလုပ်သင့်ပါဘူး။ ဖြေရှင်းပုံအမှားဖြစ်ပါတယ်။

နောက်ပြီးတော့ မြေပြင်မှာ သတင်းလာယူတဲ့ သတင်းသမားတွေနဲ့ ပတ်သက်တဲ့ စည်းမျဉ်းစည်းကမ်းတွေလည်း တွေ့ရတယ်။ တချို့စည်းကမ်းတွေက လက်ရှိဖြစ်ပေါ်နေ တဲ့ အခြေအနေတွေနဲ့ ကိုက်ညီမှုမရှိဘူး။ ဥပမာ – သတင်းသမား ယူနီဖောင်း ဝတ်ရမယ်တို့၊ ထင်ရှားတဲ့ အမှတ်အသားပြုရမယ် ဆိုတာမျိုးတွေပေါ့။ အခုဖြစ်နေတဲ့ တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်ဟာ တိုက်ပွဲကျင့်ဝတ်တွေ ဂျီနီဗာကွန်ဗန်းရှင်းတွေ ဘာတစ်ခုမှ လိုက်နာတဲ့ စစ်တပ်မဟုတ်ပါဘူး။ သတင်းသမားပဲဖြစ်ဖြစ်၊ ဆေးဝန်ထမ်းပဲဖြစ်ဖြစ် ပစ်မှာပဲ၊ ဖမ်းမှာပဲဆိုတဲ့ အခြေအနေဖြစ်ပါတယ်။

ဒါကြောင့် သတင်းသမားမှန်း ထင်ရှားတဲ့ အမှတ်အသားပြုခိုင်းတာဟာ ပိုပြီး အန္တရာယ်များစေပါတယ်။ နယ်မြေအတွင်းမှာ သွားလာသတင်းယူတာတွေကိုလည်း တတ်နိုင်သမျှ လွတ်လွတ်လပ်လပ် ခွင့်ပြုပေးသင့်ပါတယ်။ အန္တရာယ်ဖြစ်မှာဆိုးလို့ ကန့်သတ်တာမျိုးကို လက်ခံလို့ရပေမယ့် သတင်းသမားအလုပ်ကို ထိခိုက်အောင် ကန့်သတ်တာမျိုးကတော့ မဖြစ်သင့်ပါဘူး။

အဲဒီတော့ ခြုံပြောရရင် သတင်းမီဒီယာနဲ့ပတ်သက်လို့ ထိန်းချုပ်ဖို့ ကန့်သတ်ဖို့ ကြိုးစား တာတွေကို တတ်နိုင်သမျှ မရှိစေချင်ပါဘူး။ လွတ်လပ်တဲ့သတင်းမီဒီယာဟာ ဖက်ဒရယ်ဒီမိုကရေစီကို သွားတဲ့လမ်းကြောင်းမှာ အရေးကြီးတဲ့ အခန်းကဏ္ဍတစ်ခု ဖြစ်ပါတယ်။ ပြသနာတစ်စုံတစ်ခုရှိရင် သက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ ညှိနှိုင်း ဖြေရှင်းတာမျိုးပဲ လုပ်စေချင်ပါတယ်။ မတတ်သာလို့ စည်းကမ်းသက်မှတ်ချက် တွေ ထားမယ် ဆိုရင်လည်း သတင်းလွတ်လပ်ခွင့်၊ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်နဲ့ ပြည်သူလူထုသတင်းသိပိုင်ခွင့်ကို ဖိနှိပ်ခြင်းမရှိတဲ့ စည်းမျဉ်းစည်းကမ်းတွေသာဖြစ်စေဖို့ အဖွဲ့အစည်းအားလုံးကို တိုက်တွန်းလိုပါတယ်။

===============

🔴ဦးဇေယျာမင်း(အယ်ဒီတာချုပ်)
သံလွင်ခက်သတင်းဌာန

“အခုဆိုလို့ရှိရင် ကရင်နီပြည်နယ် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) က အရင်ထုတ်တယ်။ ပြီးတော့ သိပ်မကြာခင်မှာပဲ ကရင်အမျိုးသားအစည်းအရုံး (KNU) သတင်းရယူခြင်းဆိုင်ရာ စည်းကမ်းချက်ဆိုပြီးတော့ စကားလုံးတွေ သုံးထားတဲ့ ထုတ်ပြန်ချက်တွေ ထပ်ထုတ်တယ်ပေါ့။ အဲ့ဒီမှာ တစ်ဖက်က ကြည့်မယ်ဆိုလို့ရှိရင် သတင်းသမားတွေဘက်က လွတ်လပ်စွာ သတင်းရယူခွင့်၊ တစ်ဖက်က ကြည့်လို့ရှိရင် ပြန်သုံးတဲ့ စကားလုံးတွေထဲမှာပါတဲ့ လုံခြုံရေးကိစ္စပေါ့။

အဲ့ဒီအထဲမှာ ကျွန်တော်တို့ စကားလုံးအနေနဲ့ ကြည့်မယ်ဆိုရင် KNU ရဲ့ ထုတ်ပြန်ချက်မှာ ဗဟိုရဲ့ခွင့် ပြုချက် တောင်းခံရန်ပေါ့လေ။ အဲ့ဒီစကားလုံးက စတုတ္ထမဏ္ဍိုင်လို့ခေါ်တဲ့ သတင်းမီဒီယာတွေရဲ့ အလုပ်လုပ်ပုံ ပိုင်းကိုတော့ အဟန့်အတား ဖြစ်သွားစေတယ်လို့ ပြောလို့ရတယ်။ ဝင်ရောက်သတင်းယူမယ်ဆိုရင် KNU ဗဟိုကို အသိပေး အကြောင်းကြားရမယ် ဆိုရင်တောင်မှ နည်းနည်းလေး ပျော့ပြောင်းတယ်လို့ ပြောလို့ ရသေးတယ်။ ခွင့်ပြုချက် တောင်းခံရမယ်၊ လိုအပ်ပါက ကိုယ့်ရဲ့ ရုပ်သံတွေဘာတွေကို ပြသရမယ် ဆိုတာမျိုးတွေမှာက KNU မှမဟုတ်ဘူး။ အခြားသော ကရင်နယ်မြေမှာပဲ လက်နက်ကိုင်အစုအဖွဲ့တွေရှိမယ်။ ကရင်နယ်ပယ်ထဲမှာပဲ ကြည့်မယ်ဆိုရင် KNU ရှိမယ်၊ DKBA ရှိမယ်၊ KNU/KNLA-PC ရှိမယ်၊ နောက်ပိုင်း KNA လို့ ပြောင်းလိုက်တဲ့ BGF ရှိမယ်၊ ကော်သူးလေအာမီ ရှိမယ်။ ဒီလိုအဖွဲ့တွေနဲ့ အခြားတော်လှန်ရေး အဖွဲ့အစည်းတွေ ရှိမယ်။ ကျွန်တော်တို့က ဘယ်အဖွဲ့အစည်းဆီမှာ ဘယ်လိုမျိုး အကြောင်းကြားပြီး သွားရမှာလဲ။

တပ်မဟာ (၁ ၊ ၂၊ ၃၊ ၄၊ ၅၊ ၆၊ ၇) လို့ ပြောလို့ရှိရင် ၆ ထဲမှာ DKBA ရဲ့ ဆုံစည်းမြိုင်ဒေသ သွားလို့ရှိရင်ရော KNU ဒေသကို ဖြတ်သန်းပြီး သွားလာတာ ဖြစ်တဲ့အတွက် KNU ကို အကြောင်းကြားပြီး DKBA ကို အကြောင်းကြားရမှာလား။ အဆင့်ဆင့်မှာ ကျွန်တော်တို့ အခက်အခဲတွေ အများကြီး ဖြစ်လာနိုင်တယ်။ ဒီလိုမျိုး သတင်းရယူခွင့်နဲ့ ပတ်သက်လို့ရှိရင် AA တို့ ဝ တို့မှာလည်း သူတို့ကျင်းပတဲ့ အထိမ်းအမှတ် အခမ်းအနားကလွဲလို့ရှိရင် ကျန်တဲ့အချိန်တွေမှာ သတင်းရယူခွင့်ကလည်း သိပ်မတွေ့ဘူး ဆိုတော့ ဒီအခြေအနေနဲ့ ပတ်သက်ပြီး ကျွန်တော်တို့က သေချာကို မြန်မာမီဒီယာတွေ ဘက်က IPCM ဘက်က ပြောမလား၊ အခြားသော ဘယ်အဖွဲ့အစည်းတွေက ပြောမလဲ ဆိုတာတော့ သေချာလေးကို ဆွေးနွေးသင့်နေပြီလို့ ထင်ပါတယ်။

သတင်းသမားတွေရော ရှိသမျှအကုန်လုံးကိုရော အမျိုးမျိုးဖိနှိပ်ထားတဲ့ စစ်အာဏာရှင် စနစ်ကို တွန်းလှန်နေကြတဲ့ အချိန်ကာလမှာ သတင်းလွတ်လပ်ခွင့်နဲ့ ပတ်သက်လို့ စကားလုံးတွေ အများကြီး အငြင်းပွားဖွယ်မျိုး မဖြစ်အောင် နှစ်ဖက်စလုံးက အပြန်အလှန် ဆွေးနွေးမှု ရှိသင့်တယ်လို့ ထင်ပါတယ်။ အဲဒီလို ဆွေးနွေးမှသာ ကျွန်တော်တို့က ပိုပြီးတော့ သတင်းစီးဆင်းမှု ပိုပြီးအားကောင်းလာလိမ့်မယ်။

နို့မို့ဆိုလို့ရှိရင် ကျွန်တော်တို့က အခုဆိုရင် ဖက်ဒရယ်ဒီမိုကရေစီဆိုတဲ့ စနစ်ကိုသွားရင် မြန်မာနိုင်ငံမှာ မတူကွဲပြားတဲ့ အစုအဖွဲ့အသီးသီးရှိတယ်။ ပြီးတော့ ကရင်နီရဲ့ ထုတ်ပြန်ချက်ထဲမှာ ဝေဖန်မှုတွေ များလာတဲ့ ယူနီဖောင်းဆိုတဲ့ စကားလုံးပေါ့။ သတင်းသမားက သတင်းယူခွင့် ရှိနေတဲ့အခါမျိုးမှာ သတင်းသမားလား၊ တစ်ဖက်ကို သတင်းပို့နေတဲ့သူလား၊ သတင်းပေးလား ခွဲခြားချင်လို့ဆိုလည်း ယူနီဖောင်းဆိုတာ ဘယ်လိုဟာမျိုးကို ပြောတာလဲ။ သတင်းစီးဆင်းမှု မြန်ဆန်အောင် ဆိုလို့ရှိရင်လည်း အပြန်အလှန် ချိတ်ဆက်မှု ယန္တရားကို အများကြီး တည်ဆောက်ဖို့လိုတယ်။ အငြင်းပွားဖွယ်တွေ အဲ့ဒီလောက်ကြီး ဖြစ်နေတာကို သိပ်မကြာခင် မေလ ၃ ရက်နေ့ဆိုရင် ကမ္ဘာ့သတင်း လွတ်လပ်ခွင့်နေ့ပါ။ အဲ့ဒီလို နေ့မျိုးကြီး မတိုင်ခင်မှာ ဒီလိုကိစ္စမျိုးတွေကို ဆက်ပြီးအဓွန့်မရှည်စေဖို့ ဆွေးနွေးသွားဖို့ ကျွန်တော်ကတော့ ပြောချင်ပါတယ်။

#တော်လှန်ရေးအဖွဲ့အစည်းအချို့ #သတင်းမီဒီယာဆိုင်ရာစည်းကမ်းချက် #သတင်းမီဒီယာအဖွဲ့အစည်းများ #VoxPop #Ayeyarwaddy_Times