
ဧရာဝတီတိုင်းမ်
(ပေါင်းတည်)၊ ဧပြီ ၂၃ ရက်
ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါင်းတလည်မြို့နယ်၊ ပေါင်းတည်မြို့ အထက်တန်းကျောင်း၌ တပ်စွဲ ထားသည့် စစ်ကောင်စီဂိတ်စခန်းကို ယမန်နေ့ ဧပြီ ၂၂ ရက်၊ နံနက် ၆ နာရီဝန်းကျင်က ပြည်ခရိုင်တပ်ရင်း (၃၆၀၁ PPDF)တပ်ရင်း၊ တပ်ခွဲ-၅ က သွားရောက် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ပေါင်းတလည်မြို့ အထက်တန်းကျောင်းရှေ့ရှိ စစ်ကောင်စီ ဂိတ်စခန်းကို တော်လှန်ရေး တပ်ဖွဲ့မှ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားတစ်ဦး သေဆုံးပြီး တစ်ဦး အပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
“ကျွန်တော်တို့ဘက်က ဆိုင်ကယ်နဲ့သွားပြီး ပစ်ခတ်တိုက်ခိုက်တာ အကွာအဝေးက ဝါးနှစ်ပြန်စာလောက်ပဲရှိတယ်။ လမ်းမပေါ်ကနေပစ်ခတ်ခဲ့တာ အဲ့အချိန်မှာသူတို့က ဂိတ်ထဲမှာ သုံးယောက်ပဲရှိတာ။ အဲ့ဒီသုံးယောက်ကို ပစ်ခဲ့တာ။ လက်ရှိတော့ အဲ့ဒီဂိတ်က ထပ်ရှိနေသေးပြီး အစစ်အဆေးကြမ်းနေတယ်လို့သိရတယ်။ သေဆုံးအလောင်းနဲ့ ဒဏ်ရာရသူတွေကို ပေါက်ခေါင်းဘက်ကားနဲ့သယ်သွားတာကိုတော့ တွေ့မြင်လိုက်ရ တယ်” ဟု (၃၆၀၁ PPDF)တပ်ရင်း ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားတာဝန်ခံက ဧရာဝတီတိုင်းမ်ကို ပြောသည်။
အဆိုပါ စစ်ကောင်စီစစ်ဆေးရေးဂိတ်ရှိ စစ်ကောင်စီ တပ်သားများသည် ဒေသခံများ ကားသမားများအပေါ် ခြိမ်း ခြောက်ငွေကောက်ခံခြင်း၊ တင်းကျပ်စွာစစ်ဆေးခြင်း၊ ဒေသခံများအပေါ် ရိုင်းစိုင်းစွာဆဲဆိုစစ်ဆေးခြင်းများ ပြုလုပ်နေသည့်အတွက် ပစ်ခတ်ရခြင်းဖြစ်ကြောင်း ပြည်ခရိုင် ၃၆၀၁-PPDF ကဆိုထားသည်။
ထို့ပြင် ယခုအခါ ပြည်ခရိုင်အတွင်း စစ်ရေးအရှိန်မြှင့်တင်လာသည်နှင့်အမျှ စစ်ရေးပစ်မှတ်များကိုလည်တိုက်ခိုက်နေပြီဖြစ်သည့်အတွက် ပြည်သူများအနေဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် နီးကပ်စွာ သွားလာခြင်း၊ ပူးပေါင်းခြင်းများမပြုလုပ်ရန်နှင့် ၎င်းတို့ရှိရာနေရာများကို အတတ်နိုင်ဆုံး ရှောင်တိမ်းသွားလာကြရန် ပြည်ခရိုင်တပ်ရင်း (၃၆၀၁ PPDF)တပ်ရင်း၊ တပ်ခွဲ-၅ က သတိပေးထုတ်ပြန်ထားသည်။
ပြည်ခရိုင်အတွင်း ပေါင်းတည်မြို့နယ်တွင် ပြီးခဲ့သည့် ဧပြီ ၁၄ ရက်နေ့ကလည်း စစ်ကြောင်းထိုး လှည့်လည်သွားလာနေသည့် စစ်ကောင်စီတပ်ကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ တပ်ဖွဲ့ဝင် အနည်းဆုံး သုံးဦးနှင့် အထက်သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူများ ပြားခဲ့ကြောင်း ပြည်ခရိုင် ၃၆၀၁ PPDFတပ်ရင်း ထံကသိရသည်။
ဓာတ်ပုံ – ပြည်ခရိုင် ၃၆၀၁ PPDFတပ်ရင်း
#ပေါင်းတည် #စစ်ကောင်စီဂိတ်စခန်း #တိုက်ခိုက်ခံရ #သေဆုံး #PPDF #Ayeyarwaddy_Times