
ဧရာဝတီတိုင်းမ်
ဧပြီ ၂၃ ရက်
ငရုတ်စျေး ဆက်တိုက်ကျဆင်းနေသဖြင့်ဧရာဝတီတိုင်းအတွင်းရှိ ငရုတ်စိုက်တောင်သူများအရှုံးပေါ်နေ ကြပြီး ချေးငွေများပေးဆပ်ရန် အခက်ခဲရှိနေကြကြောင်း ဝါးခယ်မမြို့နယ်ရှိ ဒေသခံများထံမှ သိရသည်။
တောင်သူများအနေဖြင့် စိုက်ပျိုးစရိတ်အတွက် ပြင်ပချေးငွေအဖွဲ့စည်းများမှ ချေးယူကာ စိုက်ပျိုးခဲ့ရသော်လည်း ငရုတ်စျေးမှာ ဆက်တိုက်စျေးထိုးကျနေသဖြင့် တောင်သူများအတွက် အခက်ခဲများစွာ ကြုံနေရခြင်းဖြစ်သည်။
“ဒီနှစ်ကို ငရုတ်စျေးကောင်းမယ်ဆိုပြီး လုပ်ထားကြတာ ။ စိုက်ပြီးမကြာဘူး မိုးရွာပြီးဧက တော်တော်များများပျက်သွားတယ် ။ အခု ငရုတ်သီးပေါ်ချိန်မှာတော့ စျေးက ငါးထောင်ကျော်ကနေ သုံးထောင်ကျော်အထိ ဆင်းသွားတော့ ရောင်းရင်လည်းရှုံးနေပြီ။ ငရုတ်ပေးနဲ့ယူထားတာတွေကလည်း ဒီစျေးနဲ့ပေးလိုက်ရင် ဘာမှ ကျန်မှာ မဟုတ်တော့ဘူး ။ ရာသီဥတုလည်းဖျက်တယ်စျေးလည်းဖျက် အကြွေးတွေပါဆက်တင်နေပြီ”ဟု ဝါးခယ်မမြို့နယ်ရှိတောင်သူတစ်ဦးမှ ဧရာဝတီတိုင်းမ်ကိုပြောသည်။
ငရုတ်သီးပေါ်ချိန်တွင် စျေးမှာ တစ်ပိသာလျှင် ကျပ်ခြောက်ထောင်ကျော်အထိ စျေးရှိခဲ့သော်လည်း ဧပြီလမှစတင်ကာ ငရုတ်သီးတစ်ပိသာာလျှင် ကျပ်လေးထောင်ကျော်မှ ကျပ်သုံးထောင်ကျော်အထိ စျေးကျလာခဲ့ဖြင့် တောင်သူအချို့မှာ ဆက်လက်ရောင်းချခြင်း မပြုလုပ်တော့ကြောင်း ဒေသခံများထံမှသိရသည်။
“ဒီစျေးနဲ့သွားရောင်းလို့ ကျနော်တို့ ဘာလုပ်လို့ရမှာလည်း ။ ဝယ်တဲ့သူတွေကလည်း ဆင်းဝယ်ရင် တစ်ဆင့်ပြီးတစ်ဆင့်ဖြတ်စားကြတယ် ။ မနှစ်ကဆို ကျပ်ခုနှစ်ထောင်ကျော်အထိပေါက်စျေးရှိပေမယ့် ဒီနှစ်မှာ အရှုံးပေါ်နေပြီ။ အချို့ ငရုတ်ဒိုင်တွေဆို အဝယ်ပါနားထားတယ်။ ကျနော်တို့လည်း ရောင်းလို့မရဘူး စျေးကဒီတိုင်းဆက်သွားနေမယ်ဆို တောင်သူတွေဒုက္ခရောက်ကြမှာပဲ “ဟု ငရုပ်စိုက်တောင်သူအမျိုးသားတစ်ဦးက စရာဝတီတိုင်းမ်ကိုပြောသည်။
ဧရာဝတီတိုင်းတွင် ငရုတ်စိုက်ဧကပေါင်း သောင်းချီရှိနေပြီး ငရုတ်စျေးကျဆင်းမှုကြောင့် တောင်သူများစွာ အရှုံးပေါ်နေကြ ကာ အိန္ဒိယနိုင်ငံမှ ငရုတ်ဝယ် လိုအား ကျဆင်းလာမှုကြောင့် ငရုတ်စျေးကျဆင်းလာခြင်းဖြစ်ကြောင်း ဒေသတွင်းအချက်လက်များအရသိရသည်။
#ဝါးခယ်မ #ငရုတ်စျေးဆက်တိုက်ကျ #တောင်သူများအရှုံးပေါ် #Ayeyarwaddy_Times