
ဧရာ၀တီတိုင်းမ်
ဧပြီ ၂၃ ရက်
ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်တွင် စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော် (AA) တို့ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီက ၂ ရက်ဆက်တိုက် လေကြောင်းမှဗုံးကြဲ တိုက်ခိုက်မှုများ ပြုလုပ်လျှက်ရှိကြောင်း သိရသည်။
ယမန်နေ့ ဧပြီ ၂၂ ရက်နေ့နှင့် ယနေ့ ဧပြီ ၂၃ ရက်နေ့တို့တွင် သံတွဲမြို့ ပုရစ်၊ ရေကောက်ရွာနှင့် ဒေါ်မြရွာအနီးတွင် စစ်ကောင်စီနှင့် AA တို့ တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားနေပြီး စစ်ကောင်စီက သူဌေးရေအားလျှပ်စစ်စီမံကိန်းရှိရာ ဒေါ်မြရွာအနီးသို့ လေယာဉ်ဖြင့် ဗုံးကြဲခြင်း၊ စက်သေနတ်ဖြင့် ပစ်ခတ်ခြင်းများ ပြုလုပ်လျက်ရှိကြောင်း ဒေသခံများထံက သိရသည်။
“တိုက်ပွဲဖြစ်တဲ့ မနေ့ကတည်းက စစ်တပ်က ရေအား လျှပ်စစ်စီမံကိန်းရှိတဲ့ ရွာနားကို ဗုံးလာကြဲတာ။ စီမံကိန်း၀င်းကို ထိပြီတောင် ထင်တာ။ လေယာဉ်ပေါ်ကနေ စက်သေနတ်တွေနဲ့ပါ ပစ်တယ်။ ဒီနေ့မနက်ထိတော့ တိုက်ပွဲဖြစ်နေတုန်းပဲလို့ သိရတယ်။ ဒေသခံတွေကတော့ တိုက်ပွဲဖြစ်ကတည်းက တောင်ကုတ်ဘက်ကို ရှောင်လာကြတယ်” ဟု တောင်ကုတ်ဒေသခံတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
AA သည် ပုရစ်၊ ရေကောက်ရွာရှိ သူဌေးရေအားလျှပ်စစ် စီမံကိန်းရှိရာနေရာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်များကို ထိုးစစ်ဆင်တိုက်ခိုက်ရာမှ တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားပြီး စစ်ကောင်စီက လာရောက်၍ တိုက်ပွဲဖြစ်ပွားရာအနီး ပတ်၀န်းကျင်ရွာများသို့ လေကြောင်းမှ တိုက်ခိုက်ခြင်းဖြစ်ကြောင်း သိရသည်။
စစ်ကောင်စီက ဂျက်တိုက်လေယာဉ် သုံး စီးဖြင့် ဒေါ်မြ ရွာနှင့် အနီးကျေးရွာများကို ခုနှစ်ကြိမ်ခန့် လာရောက် တိုက်ခိုက်ခဲ့ပြီး ရွှေလှေရွာအနီးပတ်၀န်းကျင်များသို့ လည်း ဗုံး ၁၀ လုံးခန့်ကျရောက်ခဲ့ကြောင်း သိရသည်။
ထို့အပြင် သံတွဲ၊ တောင်ကုတ်၊ ခမောင်းတုံးအနီး မြစ်ကြောင်းတွင် အခြေချထားသည့် စစ်ကောင်စီရေတပ်မှ လက်နက်ကြီးများဖြင့် ပစ်ကူပေးလျက်ရှိကြောင်း သိရသည်။
ပြီးခဲ့သည့် ဧပြီ ၇ ရက်နေ့ကလည်း စစ်ကောင်စီ၏ ခမောင်းတုံးအနီး အခြေချတပ်စွဲထားသည့် ရေတပ်မှ မြစ်အနီးရှိကျေးရွာများကို လက်နက်ကြီးများဖြင့်ပစ် ခတ်တိုက်ခိုက်ခဲ့ရာ ပုရစ်ရေကောက်ကျေးရွာသို့ ကျည်များကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။
ယင်းအပြင် ရက္ခိုင့်တပ်တော် (AA) က မတ်လ ၆ ရက် နေ့က တောင်ကုတ် သံတွဲကားလမ်းမအနီးရှိ တဲမောက်နှင့် ဘာယေရွာကြားတွင် စစ်ကောင်စီတပ်ကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှု များပြားခဲ့ကြောင်း သိရသည်။
#ရခိုင် #သံတွဲ #တိုက်ပွဲပြင်းထန် #စစ်ကောင်စီ #လေကြောင်း #၂ရက်ဆက်တိုက် #ပစ်ခတ်တိုက်ခိုက် #Ayeyarwaddy_Time