အယိုက်လင်း/ဧရာဝတီတိုင်းမ်
ဧပြီ ၂၃ ရက်

ချင်းပြည်နယ်၊ ဟားခါးမြို့တွင် ဝန်ကြီးများ လိုက်ပါလာသည့် ကားတစ်စီး တိုက်ခိုက်ခံရပြီး စျေးဆိုင်များနှင့် ဘုရားကျောင်းများတွင် လူငါးဦးနှင့်အထက် စုဝေးခြင်းမပြုလုပ်ရန် စစ်ကောင်စီ လက်အောက်ခံ မြို့နယ် အုပ်ချုပ်ရေးမှူးရုံးက ယနေ့ ဧပြီလ ၂၂ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။

ပြီးခဲ့သည့် ဧပြီလ ၁၂ ရက်၊ မနက် ၉ နာရီ ၂၅ မိနစ်တွင် ဖြတ်သန်းသွားလာခဲ့သည့် VIP ယာဥ်တန်းကို ချင်းလဲန်းကာကွယ်ရေးတပ်(CDF)မှ ရပ်ကွက်အတွင်းရှိ နေအိမ်၊ စျေးဆိုင်များ၊ ဘုရားကျောင်းတို့တွင် အကာကွယ်ယူ၍ ပစ်ခတ်တိုက်ခတ်သဖြင့် လူကြီးတစ်ချို့အပါဝင် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါ တိုက်ခိုက်မှုဖြစ်စဥ်နှင့် ပတ်သက်၍ မြို့သစ်ရပ်ကွက်ရှိ လက်လီလက်ကားစျေးဆိုင်များ ဖွင့်လှစ်ခြင်း မပြုလုပ်ရန်နှင့် ဘုရားကျောင်းများတွင် လူငါးဦးနှင့်အထက် ပို၍ စုဝေးခြင်းမပြုလုပ်ရန် ထုတ်ပြန်ထားခြင်းဖြစ်သည်။

“ဒီနေ့မနက် သူတို့ထုတ်ပြန်တဲ့ စာကို လော်စပီကာနဲ့ သတိပေးပြီးနောက် မြို့သစ်ရပ်ကွက်က စျေးဆိုင်တွေ ပိတ်ကုန်သွားပါပြီ။ ဘုရားကျောင်းနဲ့ ပတ်သက်၍ ဘာသာရေးခေါင်းဆောင်တွေနဲ့ ဆွေးနွေးညှိနှိုင်းနေကြဆဲဖြစ်တယ်” ဟု မြို့သစ်ရပ်ကွက် ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

၎င်းထုတ်ပြန်ချက်သည် ယနေ့ ဧပြီလ ၂၂ ရက်နေ့မှစ၍ လာမည့် ဇွန်လ၂၀ ရက်နေ့ထိ နောက်ထပ် အမိန့်တစုံတရာ မထုတ်မချင်း လိုက်နာရမည်ဖြစ်ပြီး လိုက်နာခြင်းမရှိပါက တည်ဆဲဥပဒေများနှင့် အရေးယူဆောင်ရွက်သွားမည်ဟု ထုတ်ပြန်ချက်အရ သိရသည်။

ပြီးခဲ့သည့် ဧပြီလ ၁၂ ရက်နေ့တွင် စစ်ကောင်စီက ခန်အပ်သည့် ချင်းပြည်နယ် ဝန်ကြီးနှစ်ဦး လိုက်ပါလာသည့် ကားတစ်စီးသည် ဟားခါးမြို့၊ မြို့သစ်ရပ်ကွက်ရှိ လမ်းဆုံတွင် မြို့တွင်းစစ်ဆင်ရေးအနေဖြင့် တိုက်ခိုက်သောကြောင့် လူကြီးအပါဝင် ခြောက်ဦး ထိခိုက်
ဒဏ်ရာရရှိခဲ့ကြောင်း ချင်းလဲန်းကာကွယ်ရေးတပ်-ဟားခါးက သတင်းထုတ်ပြန်ထားသည်။

#ဟားခါးမြို့ #ဝန်ကြီးများ #ကားတစ်စီးတိုက်ခိုက်ခံရ #စျေးဆိုင် #ဘုရားကျောင်းတွင် #လူ၅ဦးနှင့်အထက် #စုဝေးခြင်းမလုပ် #တားမြစ် #Ayeyarwaddy_Times