ဧရာဝတီတိုင်းမ်
ဧပြီ ၂၃ ရက်

မြန်မာ – ထိုင်းနယ်စပ်မြို့ မြဝတီတွင် ၃ ရက်ကြာတိုက်ပွဲဖြစ်ပွားခဲ့သည် တိုက်ပွဲများ အရှိန်ကျကာ ပြန်လည်ငြိမ်သက်ပြီးနောက်ပိုင်း ထိုင်းဘတ်ဈေးအနည်းငယ်မြင့်တက် လာကြောင်း သိရသည်။

ထိုသို့ ထိုင်းဘတ်စျေး အနည်းငယ် မြင့်တက်လာချိန်တွင် စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်က ယနေ့ ဧပြီ ၂၃ ရက်နေ့တွင် Online Trading Platform မှတဆင့် ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်များကို ထိုင်းဘတ် ၁၄ သန်းရောင်းချမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။

ထိုင်းဘတ်ငွေလဲနှုန်းသည် ယမန်နေ့ ဧပြီ ၂၂ ရက်နေ့က ထိုင်းတစ်ဘတ်လျှင် ကျပ် ၁၀၄ ဒသမ ၇ ကျပ်ရှိရာမှ ယနေ့ ထိုင်း တစ်ဘတ်လျှင် ကျပ် ၁၀၅ ဒဿမ ၇ ကျပ်ရှိသဖြင့် မြန်မာငွေကျပ် တစ်သိန်းလျှင် ထိုင်းဘတ်ငွေ ၉၄၆ ဘတ်သာရရှိတော့မည် ဖြစ်ကြောင်း သိရသည်။

မြဝတီနယ်စပ်မြို့တွင် တိုက်ပွဲစတင်ဖြစ်ပွားခဲ့သော ဧပြီ ၁၉ ရက်နေ့တွင် ထိုင်း ဘတ်ဈေးသည် ထိုင်းတစ်ဘတ်လျှင် ကျပ် ၁၀၄ ဒသမ ၇ ကျပ်ရှိကြောင်း စုံစမ်း သိရသည်။

ထို့ပြင်တိုက်ပွဲငြိမ်သက်သွားသဖြင့် ထိုင်းနိုင်ငံ၊ မဲဆောက်ဘက်သို့ ထွက်ပြေးတိမ်း ရှောင်ရသည့် ဒေသခံများ မြဝတီတို့မြို့သို့ပြန်လည်ရောက်ရှိလာပြီး ဈေးဆိုင်တချို့ ပြန်လည်ဖွင့်လှစ်နေပြီဖြစ်ကြောင်း သိရသည်။

“အမှတ် (၂) တံတားမှာ လဝကမရှိတော့ အခုမှမြဝတီကနေ မဲဆောက်ကူးမယ့် သူတွေ အတွက်သွားလို့မရဘူး။ Passport ရှိတဲ့သူတွေတော့ မဲဆောက်ဘက်ကူးလို့ရတယ်” ဟု မဲဆောက်မြို့တွင်နေထိုင်သူ မြန်မာနိုင်ငံသား တစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

တိုက်ပွဲဖြစ်ပွားရာ မြန်မာ – ထိုင်း အမှတ် ( ၂) ချစ်ကြည်ရေးတံတားတွင် မြန်မာနိုင်ငံ ဘက်က စစ်ကောင်စီ၏ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူအင်အားဝန်ကြီးဌာန ( လဝက) မရှိသဖြင့် မြဝတီမှ မဲဆောက်သို့ ကူးသန်းသွားလာခွင့်မရကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

မြ၀တီတွင် စစ်ကောင်စီက နေ့စဉ်နှင့်အမျှလေကြောင်းတိုက်ခိုက်မှု ဗုံးကြဲပစ်ခတ်မှုများ ကြောင့် ပြည်သူများစစ်ဘေးရှောင်နေပြီး ပြည်သူလူထု၏ အိမ်အမြောက် အများပျက်စီးဆုံး ရှုံးခဲ့ရကြောင်း ကရင်အမျိုးအသားအစည်းအရုံး ( KNU) က ယနေ့ ဧပြီ ၂၃ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။

ဓာတ်ပုံ – လူမှုကွန်ရက်

#ထိုင်းဘတ်ဈေးတက် #စျေးဆိုင်အချို့ #ပြန်လည်ဖွင့်လှစ် #မြဝတီတိုက်ပွဲ #Ayeyarwaddy_Times