
ဧရာ၀တီတိုင်းမ်
ဧပြီ ၂၃ ရက်
ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင်းပိတ်မိနေသည့် ပြည်သူများ စစ်ဘေးရှောင်ရန်ထွက်လာစဉ် စစ်ကောင်စီက သေနတ်ဖြင့် လိုက်လံပစ်ခတ်သဖြင့် ထွက်ပြေးရာ စစ်ကောင်စီထောင်ထားသည့် မိုင်းနင်းမိပြီး သုံးဦးသေဆုံးကာ ခုနှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဧပြီ ၂၁ ရက်နေ့ နံနက် ၃ နာရီခန့်က စစ်တွေမြို့အတွင်း ပိတ်မိနေသည့် ပြည်သူ ၁၃၀ နီး ပါးသည် မြို့အတွင်းမှ ကံ့ကော်ကျွန်းရွာဘက်သို့ထွက် ပြေးစဉ် စစ်ကောင်စီက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့သည့်အတွက် စစ်ရှောင်များမှာ ထွက်ပြေးကြရာ စစ်ကောင်စီထောင်ထားသည့် မိုင်းများကို နင်းမိပြီး သုံးဦးသေဆုံးကာ ခုနှစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ထို့အပြင် ထွက်ပြေးလာသည့် ပြည်သူ ၃၀ ခန့်ကိုလည်း စစ်ကောင်စီက စစ်တွေ အမှတ် ၁ ရဲစခန်းအတွင်းသို့ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။
“ထွက်ပြေးလာတဲ့သူတွေ ကံ့ကော်ကျွန်းနားရောက် တော့ စစ်တပ်က လက်နက်ငယ်တွေနဲ့ စပစ်တယ်။ ပြီးတော့ လက်နက်ကြီးတွေနဲ့ပါ လှမ်းထုတော့ အကုန် ကစဉ့်ကလျားထွက်ပြေးကြတာ။ မိုင်းအတွဲလိုက်မိုင်း တွေထင်တယ်။ ဆက်တိုက်ပေါက်တာ။ နေရာမှာတင် သုံးယောက်လဲကျပြီး မလှုပ်တော့ဘူး။ နောက်လှည့် မကြည့်ဘဲ တန်းပြီးထွက်ပြေးကြတာ။ ဘယ်နှစ်ယောက်သေတယ်ဆိုတာ အတိအကျမသိဘူး”ဟု လွတ်မြောက်လာသည့်သူနှင့်နီးစပ်သူတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
ထွက်ပြေးလွတ်မြောက်လာကြသူများမှာ သေဆုံး အလောင်းတစ်လောင်းနှင့် ဒဏ်ရာရရှိသူများကိုတင်ဆောင်ပြီး ဝါဘိုရွာတစ်ဖက်ကမ်းသို့ စက်လှေဖြင့် ကူး ဖြတ်လာနိုင်ပြီး ဒဏ်ရာရရှိသူများကို AA ထိန်းချုပ်ထားသည့် နယ်မြေဘက်သို့ ပို့ဆောင်ဆေးကုသပေး နေကြောင်း သိရသည်။
မိုင်းနင်းမိ၍ သေဆုံးသွားသူများမှာ ကျောက်တော်မြို့ နယ် စပါးဆိပ်ရွာမှ အသက် ၇၁ နှစ်အရွယ် သက်ကြီးပိုင်းတစ်ဦး၊ ပေါက်တောမြို့နယ် ငရီချိုင်ရွာမှ အသက် ၄၅ နှစ်အရွယ် ဦးမဲလုံးချေနှင့် အခြားအမျိုးသားတစ်ဦးတို့ဖြစ်ကြောင်း ဒေသတွင်းသတင်းမီဒီယာများက လည်း ဖော်ပြထားသည်။
ယင်းသို့သေဆုံးသွားသည့် ရုပ်အလောင်းနှစ်ခုကို စစ် တပ်နှင့်အလွန်နီးကပ်နေသည့်အတွက် သယ်ဆောင် နိုင်ခြင်းမရှိဘဲ လူ ၃၀ ခန့်မှာလည်း စစ်ကောင်စီ၏ ဖမ်းဆီးခြင်းကို ခံခဲ့ရကြောင်း သိရသည်။
“ဖမ်းသွားတဲ့လူတွေကို အမှတ် ၁ ရဲစခန်းမှာ ထိန်းသိမ်းထားတယ်လို့ သိရတယ်။ ပြီးတော့ အဲဒီလူတွေကို ပြန်လွတ်စေချင်ရင် တစ်ယောက်ကို သိန်း ၃၀ စီနဲ့ ပြန်ရွေးရမယ်လို့ စစ်ကောင်စီဘက်က သတင်းလွှင့် ထားတယ်။ ဒဏ်ရာရသူတွေကို တပ်တော်ထိန်းချုပ် နယ်မြေမှာ ဆေးကုပေးနေပါတယ်” ဒေသခံတစ်ဦးက ပြောသည်။
စစ်တွေမြို့အတွင်းတွင် ဒေသခံ အများစုမှာ ဖေဖော်ဝါရီဒုတိယပတ်လောက်အတွင်းမှစ၍ ရန်ကုန်နှင့် အခြား မြို့ကြီးများသို့ တိမ်းရှောင်သွားကြပြီး မြို့တွင်းကျန် ရစ်သူ အများစုမှာ တခြားနယ်မြေသို့ ထွက်ခွာခွင့်မရ ဘဲ ပိတ်မိနေကာ စား၀တ်နေရေးအခက်အခဲများနှင့် ရင်ဆိုင်နေရကြောင်း သိရသည်။
#ရခိုင် #စစ်တွေ #ပိတ်မိသူများထွက်ပြေး #စစ်ကောင်စီ #လိုက်လံပစ်ခတ် #ပြည်သူ၃ဦးသေဆုံး #၃၀ခန့်ဖမ်းဆီးခံရ #Ayeyarwaddy_Times