
ဧရာ၀တီတိုင်းမ်
ဧပြီ ၂၃ ရက်
ဒုစစ်ခေါင်းဆောင် ၊ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုး၀င်းသည် ဒရုန်းဗုံးဖြင့် တိုက်ခိုက် ခံရသည့်အတွက် ရရှိထားသည့်ဒဏ်ရာများကို အသားအစားထိုးကုသနေရ၍ ယမန်နေ့ ဧပြီ ၂၂ ရက်နေ့က ပြုလုပ်သည့် စစ်ကောင်စီ၏ ပြည်ထောင်စုအစိုးရအဖွဲအစည်းအဝေး (၄/၂၀၂၄) ကို တက်ရောက်နိုင်ခြင်းမရှိဘဲ လူမြင်ကွင်းသို့ မထွက်နိုင်ဖြစ်နေကြောင်း တပ်တွင်း သတင်းရင်းမြစ်ထံက သိရသည်။
ဒုစစ်ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုး၀င်းသည် ပြီးခဲ့သည့် ဧပြီ ၈ ရက်နေ့က မွန်ပြည်နယ်၊ မော်လမြိုင်မြို့အခြေစိုက် အရှေ့တောင်တိုင်းစစ် ဌာနချုပ် (ရတခ)တိုင်းရုံး အတွင်းတွင် အောင်ဇေယျစစ်ဆင် ရေးအမည်ဖြင့် မြ၀တီမြို့သို့စစ်ကူလွှတ်မည့် အစီအစဉ်များကို ညွှန်ကြားရန်အတွက် ရောက်ရှိနေချိန် ဒရုန်းဗုံးဖြင့် တိုက်ခိုက်ခံရခြင်းဖြစ်သည်။
ထိုသို့ တိုက်ခိုက်မှုခံရပြီးနောက် ၎င်းကို နေပြည်တော် စစ်ဆေးရုံသို့ ညတွင်း ချင်းပို့ဆောင် ဆေးကုသမှုခံယူစေပြီး နောက်ပိုင်းတွင် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏သား အောင်ပြည့်စုံပိုင်ဆိုင်သည့် ကန်သာယာဆေးရုံသို့ ပြောင်းရွှေ့ကာ ဆေးကု သမှုခံယူနေသည်ဟု သတင်းထွက်ပေါ်ခဲ့သည်။
ဒုစစ်ခေါင်းဆောင်သည် ဒဏ်ရာပြင်းထန်ပြီး အရိုးနှင့်အကြောများကိုပါ ထိခိုက်ခဲ့သည့် အတွက် အိန္ဒိယမှဆရာ၀န်များကိုပါ ခေါ်ယူဆေးကုသနေရသည်ဟုလည်း တပ်တွင်း သတင်းရင်းမြစ်၏ ပြောကြားချက်အရ သိရသည်။
“လက်မောင်းက အရိုးပေါ်ထားတယ်။ ခြေထောက်မှာ ဒရုန်းပေါက်ကွဲမှုက စဉ်ထားတဲ့ဒဏ်ရာက ဘယ်ဘက် ပေါင်မှာ ထိထားတယ်။ အဲဒါကို ညာဘက်ပေါင်က အသားကိုယူပြီး ဘယ်ဘက်ပေါင်မှာ အစားထိုးဖြည့်နေတယ်။ လက်မောင်းက ဒဏ်ရာကိုလည်း ညာဘက် ပေါင်ကအသားကိုပဲ ယူပြီးကုသနေရတယ်”ဟု တပ်တွင်း သတင်းရင်းမြစ်က ဧရာ၀တီတိုင်းမ်ကို ပြောသည်။
ဒုဗိုလ်ချုပ်မှူးကြီးစိုး၀င်း ထိုသို့ ဒဏ်ရာအပြင်းအထန်ရနေသော်လည်း စစ်ကောင်စီက မူလတာ၀န်များကို ထမ်းဆောင်နေဆဲဖြစ်သည်ဟုဆိုကာ ယမန်နှစ်က ဓာတ်ပုံများ ထုတ်၍ ဝါဒဖြန့်လိမ်လည်ပြောဆိုမှုများရှိခဲ့သည်။
ဒုစစ်ခေါင်းဆောင်သည် စစ်ကောင်စီ၏ ဝါဒဖြန့် မီဒီယာများထက်က ပျောက်ကွယ် နေသည်မှာ ဧပြီ ၃ ရက်နေ့ကတည်းဖြစ်ပြီး ယနေ့ ဧပြီ ၂၃ ရက်နေ့အထိဆိုလျှင် ရက်ပေါင်း ၂၀တိတိရှိပြီဖြစ်သည့်အတွက် ဒုတိယဗိုလ်ချုပ်ကြီး စိုး၀င်းသေပြီဆိုသည့် သတင်းများလည်း လူမှုကွန်ရက်စာမျက်နှာများတွင် ထွက်ပေါ် လာခဲ့သည်။
“သတိ ရနေပြီလို့တော့သိထားတယ်။ မျက်နှာကတော့ ဘယ်ဘက် တစ်ခြမ်းလုံး အလောင်ခံထားရတယ်။ သေတာတော့ မဟုတ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူ့မိန်းမနဲ့ သူ့သားသမီးတွေက ပုံမှန်အတိုင်း အ၀င်အထွက် ရှိနေတာမို့ပါ” ဟု တပ်တွင်း သတင်းရင်းမြစ်က ဆိုထားသည်။
ဒုတိယဗိုလ်ချုပ်ကြီးစိုး၀င်းကို ပြီးခဲ့သည့် ဧပြီလ ၃ ရက်နေ့တွင်ပြုလုပ်သည့် ဗထူးမြို့ကြည်းတပ်တိုက် ခိုက်ရေးသင်တန်းကျောင်း အောင်ဆန်းခန်းမတွင် ခြေလျင် တပ်စုမှူးသင်တန်းသားများ၊ ဗိုလ်လောင်းများကို တွေ့ဆုံမိန့်ခွန်းပြောကြားခဲ့သည့် ရုပ်သံကို စစ်တပ်ပိုင်မြ၀တီမီဒီယာမှ ထုတ်လွှင့်ခဲ့သည်ကို နောက်ဆုံးတွေ့ရှိရခြင်း ဖြစ်သည်။
ယင်းနောက် ၎င်းကိုလူမြင်ကွင်းတွင် တွေ့ရှိရခြင်းမရှိ တော့ဘဲ ဧပြီ ၈ ရက်နေ့တွင် မော်လမြိုင်မြို့၌ ပြုလုပ် သည့် စစ်ဆင်ရေးအစည်းအဝေးပွဲတွင် တော်လှန်ရေး တပ်ဖွဲ့ များက ရှားထူးဝေါနည်းပညာဖြင့်တိုက်ခိုက်သည့် အသေခံဒရုန်းဗုံးစာမိပြီး ဒဏ်ရာများ အပြင်း အထန်ရရှိသွားကြောင်း သိရသည်။
စစ်ကောင်စီ၏ ပြန်ကြားရေးတာ၀န်ခံ ပြောရေးဆိုခွင့် ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက “မီဒီယာတွေမှာ ဖော်ပြနေတဲ့ ဒုတိယတပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၊ ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်ကြီး စိုး၀င်းနဲ့ပတ်သက်သည့် သတင်းတွေက သတင်းအမှားပါ။ ကောလာဟလတွေပဲဖြစ်ပါတယ်။ ဒုတိယ ဗိုလ်ချုပ်ကြီး စိုး၀င်းအနေနဲ့ လုံခြုံရေးနဲ့ ကာကွယ်ရေး တာ၀န်များကို ဆက်လက်ဆောင်ရွက်နေဆဲဖြစ်တယ်။ ကျန်းမာလျက်ရှိပါတယ်”ဟု VOA သတင်းဌာနကိုဖြေကြားထားသည်။
ယင်းသို့ ဒဏ်ရာရရှိခြင်းမရှိ ၊ သေဆုံးခြင်းမရှိဟုဆိုသော်လည်း ဒုဗိုလ်ချုပ်ကြီး စိုး၀င်းတက်ရောက်ရမည့် အခမ်းအနားများတွင် ထွက်ပေါ်လာခြင်းမရှိသလို ယခင်နှစ် များက ဒုစစ်ခေါင်းဆောင် ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်း ဦးစီးကျင်းပသည့် မြန်မာ့ရိုးရာနှစ်သစ်ကူး မဟာသင်္ကြန်ပွဲတော်၊ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ) မိသားစု ရေကစားမဏ္ဍပ် ဖွင့်ပွဲ နှင့် ပိတ်ပွဲ အခမ်းအနားများသို့ပင် တက် ရောက်ခြင်း မရှိသည်ကို တွေ့ရသည်။
ထို့အပြင် ၎င်းတာ၀န်ယူထားသည့် မြဝတီမြို့သို့ စစ်ကူပေးရန် ဖော်ဆောင်ထားသည့် နိုင်ငံတော်အဆင့် အောင်ဇေယျစစ်ဆင်ရေးစစ်ကြောင်းမှာလည်း ကော့ကရိတ်မြို့သို့ မကျော်နိုင်ဘဲ ဒေါနတောင်ခြေတွင် တော်လှန်ရေးတပ်ဖွဲ့များ၏ တိုက်ခိုက်မှုကြောင့် ရပ်တန့်နေခဲ့သည်မှာ ရက်သတ္တပတ် နှစ်ပတ်ကျော်ခဲ့ပြီ ဖြစ်သည်။
စစ်ဆင်ရေးများကို စီမံကွပ်ကဲရန်ပင် ဒုဗိုလ်ချုပ်ကြီး စိုး၀င်းအနေနှင့် စီမံနိုင်သည့် အခြေအနေတွင်မရှိသည် ကို တွေ့ရှိရသည်။
အလားတူ ယမန်နေ့ ဧပြီ ၂၂ ရက်နေ့က နေပြည်တော်တွင် ကျင်းပပြုလုပ်သည့် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးကို စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အစိုးရအဖွဲ့မှ ၀န်ကြီးများတက် ရောက်ခဲ့သော်လည်း ဒုဗိုလ်ချုပ်မှူး ကြီးစိုး၀င်း၏ ထိုင်ခုံမှာ လစ်လပ်နေသည်ကို တွေ့ရသည်။
စစ်ကောင်စီ၏ ပြည်ထောင်စုအစိုးရအစည်းအဝေးသည် စစ်ခေါင်းဆောင်နှင့်အတူ ၀န်းကြီးချုပ်မှ ၀န်ကြီးအဖွဲ့၀င်များ အားလုံးတက်ရောက်ကြရသည့် လစဉ်ပြုလုပ်သည့် အရေးကြီးအစည်း အဝေးတစ်ရပ်ဖြစ်သည်။
နှစ်ပတ်ကြာပျောက်ဆုံးနေသည့် ဒုဗိုလ်ချုပ်ကြီးစိုး၀င်းနေရာတွင် အစားထိုးခန့်အပ်ရန် လူစာရင်းများ ပါထွက်ပေါ်လာပြီး ဒုဗိုလ်ချုပ်ကြီးများဖြစ်သည့် မောင်မောင်အေးနှင့် ရဲ၀င်းဦးတို့မှာ ခန့်အပ်ခံရမည့်သူ များဖြစ်ကြောင်း သတင်းများထွက်ပေါ်လျက်ရှိသည်။
ဒုစစ်ခေါင်းဆောင်နှင့် ပတ်သက်သည့် အကြောင်းအရာများကို တပ်တွင်းသတင်း ရင်းမြစ်က ပေးပို့လာခြင်းဖြစ်ပြီး ဧရာ၀တီတိုင်းမ် သတင်းဌာနအနေဖြင့် အတည်ပြုနိုင် ရန်နှင့် အခြားစပ်ဆက်အကြောင်း အရာများဖော်ပြနိုင်ရန် ဆက်လက်စုံစမ်းလျှက်ရှိသည်။
ဓာတ်ပုံ-စစ်ကောင်စီ
#ဒုဗိုလ်ချုပ်မှူးကြီးစိုး၀င်း #ဒဏ်ရာများ #အသားအစားထိုးကုသ #စစ်ကောင်စီအစိုးရအဖွဲ့ #အစည်းအဝေး #တက်ရောက်နိုင်ခြင်းမရှိ #Ayeyarwaddy_Times