ဧရာဝတီတိုင်းမ်
ဧပြီ ၂၂ရက်

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆယ်ဇင်းရှိ စစ်ကောင်စီ၏ စစ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) က ထိုးစစ်ဆင် ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီက လေကြောင်းမှ ပြန်လည် ဗုံးကြဲတိုက်ခိုက်နေကြောင်း သိရသည်။

KIA သည် ဆယ်ဇင်းရှိ စစ်ကောင်စီ၏ တပ်မ ၃၃လက်အောက်ခံ ခမရ ၁၁၆တပ်ရင်းကို ပြီးခဲ့သည့် ဧပြီ ၂၀ရက်နေ့ ညနေ ၄နာရီခန့်ကစတင်၍ အပြင်းအထန် ထိုးစစ်ဆင် ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်ထံက သိရသည်။

“စခန်းကို အကုန်ဝိုင်းပတ် ပိတ်ဆို့ပြီးတိုက်နေတာပါ။ ထောက်ပို့လမ်းကြောင်း တွေကို လည်း အကုန်ဖြတ်တောက်ထားပါတယ်။ စစ်ကောင်စီက လေကြောင်းကနေ တောက် လျောက်ပစ်ကူနေတယ်” ဟု ကချင်စစ်ရေး သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

ကချင်လွပ်လပ်ရေးတပ်မတော် (KIA) ၏ တပ်မဟာ (၉) တပ်ရင်း ၂၆က ဝင်ရောက် တိုက်ခိုက်နေပြီး စစ်ကောင်စီက ၂ ရက်ဆက်တိုက် လေကြောင်းမှတိုက်ခိုက်လျက် ရှိကြောင်း သိရသည်။

စစ်ကောင်စီသည် ယမန်နေ့ ဧပြီ ၂၁ရက်နေ့ နေ့လယ် ၁၂နာရီခန့်က Y12လေယာဉ်ဖြင့် တိုက်ပွဲဖြစ်ပွားရာနေရာအနီးသို့ ဗုံး နှစ်လုံးလာရောက်ကြဲချပြီး နေ့လယ် ၂နာရီတွင် ဗုံး ငါးလုံး ထပ်မံကြဲချခဲ့ကြောင်း သိရသည်။

KIA ပူးပေါင်းတပ်များသည် ပြီးခဲ့သည့် ဧပြီ ၉ရက်နေ့က စစ်ကောင်စီ၏ ဆယ်ဇင်း ရဲစခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စခန်းအတွင်းတပ်စွဲထားသည့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များနှင့် ရဲသား စုစုပေါင်း ၂၃ဦး လက်နက်ချအညံ့ခံခဲ့ကြောင်း သိရသည်။

ထို့အပြင် ပြီးခဲ့သည့် ဧပြီ ၁၉ရက်နေ့က ဖြစ်ပွားခဲ့သည့် ဝိုင်းမော်မြို့နယ်၊ လုမြန် ကျေးရွာတိုက်ပွဲတွင်လည်း စစ်ကောင်စီ၏ ကားနှစ်စီးနှင့် လက်နက်ခဲယမ်းများကို KIAက သိမ်းပိုက်ရရှိခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုများရှိခဲ့ကြောင်း သိရသည်။

ပုံစာ- တိုက်ပွဲအတွင်းတွေ့ရသည့် KIAစစ်သားများ (ပုံဟောင်း)

#ကချင် #ဖားကန့် #ဆယ်ဇင်း #စစ်ကောင်စီ #ခမရ၁၁၆ #KIA #တိုက်ပွဲပြင်းထန် #Ayeyarwaddy_Times