ဧရာဝတီတိုင်းမ်
ဧပြီ ၂၂ ရက်

ဧရာဝတီတိုင်း၊ပုသိမ်မြို့နယ်ရှိကျေးရွာများတွင် တိုင်းစစ်ကောင်စီမှ နွေရာသီအခြေခံ စာတတ် မြောက်ရေး ” အ “ သုံးလုံးသင်တန်းဖွင့်လှစ်ရာတွင် သင်တန်းတက်ရောက်သူ မရှိ၍ ရပ်ကျေး အုပ်ချုပ်ရေးအဖွဲ့ဝင် အသက်ကြီးသူများကို နေ့စားစရိတ်ပေး၍ သင်တန်းအဖြစ် လုပ်နေရကြောင်း ရပ်ကျေးအုပ်ချုပ်ရေးအသိုင်းအဝိုင်းနှင့် ဒေသခံများထံကသိရသည်။

ပုသိမ်မြို့နယ်ရှိ ကမ်းနီ၊မရမ်းချောင်း၊ကိုးဆူ၊မြို့ချောင်း၊ပျည်းကတိုးကုန်း၊ပေါက်ကုန်း၊လင်းပင်ကြီးနှင့်သစ်ပုတ်ကုန်းစသည့်ကျေးရွာအုပ်စုများ၌ တိုင်းစစ်ကောင်စီမှပြီးခဲ့သည့် ဧပြီလ (၈)ရက်နေ့မှ မေလ(၁၉) ရက်နေ့အထိ နွေရာသီအခြေခံစာတတ်မြောက်ရေး သင်တန်းဖွင့်လှစ်ရာတွင် သင်တန်းတက်ရောက်သူ ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့ဝင် သက်ကြီးရွယ်အိုများကိုနေ့စားခပေး၍ အစားထိုး တက်ရောက်စေခိုင်းနေရကြောင်း ရပ်ကျေးအုပ်ချုပ်ရေးအသိုင်းအဝန်းထံကသိရသည်။

“ပုသိမ်မြို့နယ်ကကျေးရွာအုပ်စုအကုန် နွေရာသီ ” အ “ သုံးလုံးသင်တန်းတိုင်းစစ် ကောင်စီကဖွင့်လိုက်တာ တက်မယ့်သူတစ် ယောက်မှကိုမရှိဘူးဖြစ်သွားတယ်။ အဲဒါနဲ့ ရွာထဲက ဆယ်အိမ်ခေါင်းတွေရပ်မိရပ်ဖတွေကို နေ့စားခတစ်ရက် သုံးထောင်ပေးပြီး တက်ခိုင်းနေရတယ်။ဒီကာလကြီးမှာဘယ်သူကစာသင်ချင်မှာလဲ။ အကုန်လုံးစိတ်ဒုက္ခရောက်နေကြရတာလေ။ အလုပ်မရှိ အလုပ်ရှာနေတာပဲအဖတ်တင်တယ်”ဟု ကမ်းနီကျေးရွာအုပ်ချုပ်ရေး အဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

ယင်းအခြေခံစာတတ်မြောက်ရေးသင်တန်းတက်ရောက်သူများအတွက် နေ့စားစရိတ်ပေးအပ်ရန် အိမ်ထောင်တစ်စုလျှင် ငွေ ၃၀၀၀ ကျပ်မှ ၅၀၀၀ ကျပ်ကြား ရပ်ကျေးအုပ်ချုပ်ရေးမှူးများမှ ကောက်ခံနေ
သည့်အပြင် သင်တန်းလာတက်ရန် ဖိအားပေးစေခိုင်းမှုများ ရှိနေကြောင်း ဒေသခံကျေးရွာသားများ ထံက သိရသည်။

“သင်တန်းတက်တဲ့သူတွေအတွက် နေ့စားစရိတ်ဆိုပြီးတော့အုပ်ချုပ်ရေးမှူးတွေကိုယ်တိုင်တစ်အိမ်ကိုငွေ ၃၀၀၀ ကနေ ၅၀၀၀ အတင်းလိုက်ကောက်နေတယ်။ နောက်ပြီးတော့သင်တန်းကို လာတက်ဖို့နေ့တိုင်းဖိအားပေးခံနေရတယ်”ဟု သစ်ပုတ်ကုန်းကျေးရွာမှ ဒေသခံအမျိုးသမီးတစ်ဦးကဆိုသည်။

ပုသိမ်မြို့နယ်တွင် ကျေးရွာအုပ်စု အလိုက် နွေရာသီအခြေခံစာတတ်မြောက်ရေးသင်တန်းစာသင်ဝိုင်းအဖြစ် (၁၇၇၁)ဝိုင်း၊ စာသင်သား (၂၅၀၁၆) ဦးကို တက္ကသိုလ် ဆရာ၊ ဆရာမ နှင့် စေတနာလုပ်အားပေး တက္ကသိုလ်၊ ဒီဂရီကောလိပ် ကျောင်းသား၊ ကျောင်းသူဦးရေ (၁၄၀ )ဦးဖြင့် ပြီးခဲ့သည့် ဧပြီလ၅ရက်မှ မေလ၁၈ရက်နေ့အထိ တစ်လခွဲနီးပါးကြာ ဖွင့်လှစ်ရန် တိုင်းစစ်ကောင်စီမှ ကြိုးပမ်းနေသော်လည်း လက်ရှိ၌ စာသင်ကြားသူအရေအတွက် ၁၀၀ ဦးဝန်းကျင်သာရှိနေကြောင်း ရပ်ကျေးအုပ်ချုပ်ရေးအသိုင်းအဝန်းထံကသိရသည်။

ဓာတ်ပုံ- စစ်ကောင်စီပြန်ကြားရေးဝန်ကြီးဌာန

#ပုသိမ်မြို့နယ် #အခြေခံစာတက်မြောက်ရေး #သင်တန်းဖွင့်လှစ် #တက်ရောက်သူမရှိ #နည်းပါး #Ayeyarwaddy_Times