ဧရာဝတီတိုင်းမ်
(လက်ပံတန်း)၊ ဧပြီ ၂၂ ရက်

ပဲခူးတိုင်း(အနောက်ခြမ်း)၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်၊ အုတ်ဖိုစုကျေးရွာ အနီးတွင် ယနေ့ဧပြီ ၂၂ ရက်၊ နံနက် ၃ နာရီဝန်းကျင်တွင် ကားတစ်စီးမှ “အနက်ရောင် သေမင်းတမန်အဖွဲ့” ဟုရေးထားသည့်စာရွက်ကို လည်ပင်းတွင်ဆွဲထားသည့် အမျိုးသားရုပ်အလောင်းတစ်လောင်းကို လာရောက် စွန့်ပစ်ထားကြောင်း သိရသည်။

လာရောက်စွန့်ပစ်ခံရသည့် သေဆုံးသူရုပ်အလောင်းသည် အသက် (၂၀) ဝန်းကျင်ရှိ အမျိုးသားတစ်ဦးဖြစ်ပြီး မည်သူမည်ဝါဖြစ်ကြောင်း သိရှိရခြင်းမရှိဘဲ “အနက်ရောင် သေမင်းတမန်အဖွဲ့” ဟု စာတန်း ပါသည့် လည်ဆွဲ စာရွက်ပါရှိပြီး ယခုအခါ အလောင်းကို လာရောက်ကောက်ယူသွားပြီ ဖြစ်ကြောင်း သိရသည်။

“အနက်ရောင် သေမင်းတမန်အဖွဲ့က ပျူစောထီးအဖွဲ့ပါ။ ဖြစ်စဉ်က မနက် ၃ နာရီက လက်ပံတန်းမြို့ဘက်က ကားအဖြူလေးတစ်စီး လာတာတွေ့လိုက်တယ်။ ပြီးတော့ ပြန်လှည့်သွားတယ်တဲ့။ မနက်ကျတော့ အလောင်းတွေ့ရပြီး ရွာသားတွေက ကြောက်လန့်လို့ အဝေးကနေပဲကြည့်ရဲကြတယ်။ အနားမသွားရဲဘူး။ အလောင်းက ဘယ်သူ၊ ဘယ်ဝါမှန်း မသိရသေးဘူး။ အခုကအလောင်းကို Ambulance နဲ့ လာသယ် သွားပြီးကတည်းက ဘာမှမသိရသေးတာ” ဟု လက်ပံတန်းမြို့နယ် ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီ လက်အောက်ခံ လော်ဘီတယ်လီဂရမ်ချန်နယ်များတွင်မူ သေဆုံးသူ အမျိုးသားမှာ သာယာဝတီခရိုင် PDF တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၄ မှ တော်လှန်ရေး တပ်ဖွဲ့ဝင်ဗိုလ်ကြီးဖြစ်ပြီး ၎င်းတို့သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ပြောဆိုထားပြီး သာယာဝတီခရိုင်ရှိ တော်လှန်ရေးတပ်ဖွဲ့များကမူ သေဆုံးသူမှာ တော်လှန်ရေး အင်အားစုထဲက မဟုတ်ကြောင်း ငြင်းဆိုထားသည်။

“သူတို့ဘက်ကတင်ထားတာ တပ်ခွဲ ၄ က ဗိုလ်ကြီးဆိုတာကျွန်တော့် ကို ရည်ညွှန်းတာနေမယ်။ ခုသေတဲ့သူကဘယ်ကမှန်းကို မသိတာ။ ကျွန်တော်သည် အရင်က တပ်ရင်း ၃၈၀၂၊ ခွဲ-၄ ကပါ။ မနှစ်ကခြိမ်းခြောက်ဖူးတယ်။ အခုတော့ ကျွန်တော်က ပကဖ တာဝန်ခံအဖြစ် ပြောင်းထားပါတယ်” ဟု လက်ပံတန်း(ပကဖ)တာဝန်ရှိသူက ဆိုသည်။

လက်ပံတန်းမြို့နယ်တွင် ပြီးခဲ့သည့် မတ်လ ၁၄ ရက်နေ့က ရေငံစုကျေးရွာအုပ်စုရှိ ကျေးရွာများမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့်သွေးသားတော်စပ်ပြီး စစ်ကောင်စီ သတင်း ပေးဟု နံမည်ကြီးသူငါးဦးကို ပစ်သတ်ခဲ့ကြောင်း ရွှေတန်းမြေပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

တော်လှန်ရေး အင်အားစုများနှင့် NLDပါတီ အဖွဲ့ဝင်များအား တန်ပြန်ချေမှုန်းမည်ဆိုသော “အနက်ရောင်သေမင်းတမန်” အဖွဲ့ကို ယခုဧပြီလဆန်းပိုင်းက စစ်ကောင်စီလော်ဘီ ကျော်စွာ ၏ တယ်လီဂရမ်ချန်နယ်တွင် ဖြန့်ဝေထားသည်ကိုတွေ့ရသည်။

ဓာတ်ပုံ – ပေးပို့

#လက်ပံတန်း #အမျိုးသားသေဆုံး #သတ်ခံရ #အလောင်းစွန့်ပစ် #အနက်ရောင်သေမင်းတမန်အဖွဲ့ #Ayeyarwaddy_Times