ဗစ်တာ/ ဧရာဝတီတိုင်းမ်
(ပြည်)၊ ဩဂုတ်လ ၅ ရက်
ပဲခူးတိုင်း(အနောက်ခြမ်း)၊ ပြည်မြို့တွင် စစ်အုပ်စု လက် အောက်ခံရဲအရာရှိများလိုက်ပါစီးနင်းလာသည့်အိမ်စီး ကားကို ဆဲဆိုမိသဖြင့် လူငယ် ၂ ဦး ဖမ်းဆီးခံရပြီးနောက် ထောင်ဒဏ် ၁ လ ချမှတ်ခံခဲ့ရကြောင်း ဒေသခံများထံကသိရသည်။
အဆိုပါ လူငယ် ၂ ဦးသည် ပြည်မြို့၊ရွှေတံခါးရပ်ကွက်မှဖြစ်ပြီး သြဂုတ်လ ၂ ရက်နေ့ ညနေ ၆ နာရီဝန်းကျင်တွင် ဗိုလ်ချုပ်လမ်းမအတိုင်းဆိုင်ကယ်မောင်းနှင်လာစဥ် Aster သောက်ရေသန့်အနီး အရောက်တွင် ရဲအရာရှိများလိုက်ပါလာသည့် အိမ်စီးကား ၂ စီးဖြင့် တိုက်မိမလိုဖြစ်ခဲ့ပြီးနောက် ၄င်းလူငယ် ၂ ဦးမှ အိမ်စီးကားအားဆဲဆိုခဲ့ကြောင်း သိရသည်။
ယင်းကဲ့သို့ ဆဲဆိုသဖြင့် အိမ်စီးကားပေါ်ပါရဲများက လူငယ်နှစ်ဦးအား ရိုက်နှက်၍ဖမ်းဆီးခေါ်ဆောင် သွားခဲ့သည်ဟု ပြည်မြို့ခံတဦးကပြောသည်။
” သူတို့ ၂ ယောက်က ဆိုင်ကယ်စီးလာရင်းကနေ အိမ်စီးကားနဲ့တိုက်မိမလိုဖြစ်တယ်၊ အဲ့ဒီလိုဖြစ်တော့ လူငယ်တွေဆိုတော့ ကားတွေကိုဆဲတာပေါ့။ ရဲတွေစီးလာတဲ့ကားမှန်းမသိဘူး။ ရဲတွေစီးလာတဲ့အိမ်စီးကားက ၂ စီးလာတာ။ နောက်ကကားကကြားသွားပြီး ပြန်လှည့်လာပြီး ရိုက်နှက်ဖမ်းခေါ်သွားတာ” ဟု ပြည်၊ ရွှေတံခါးမြို့ခံတဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
ယင်းကဲ့သို့ ဖမ်းဆီးသွားပြီးနောက် လူငယ် ၂ ဦးအား မူး ယစ်ရမ်းကားမှုဥပဒေပုဒ်မ ၄၇ ဖြင့် တရားစွဲဆိုပြီး ထောင် ၁ လချလိုက်ကြောင်း ၄င်းကဆက်လက်ပြောဆိုသည်။
သြဂုတ်လ ၃ ရက်နေ့ကလည်း ပြည်မြို့၊ မှော်ဇာအထက် တန်းကျောင်းခွဲတွင် ကျောင်းလုံခြုံရေးစောင့်နေသည့်စစ်ကောင်စီတပ်သားကို ၆ တန်းကျောင်း သားက ဓားဖြင့်ထိုးနှက်ခဲ့ပြီး အဆိုပါကျောင်းသားကိုလည်း စစ်ကောင်စီတပ်ကပစ်ခတ်ဖမ်းဆီးခဲ့ကာ သေနတ်ဒဏ်ရာရရှိထားကြောင်းသိရသည်။