ဧရာဝတီတိုင်းမ်
ဧပြီ ၂၂ ရက်

ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်၊ ဝေဇယန္တာလမ်းမပေါ်ရှိ နာမည်ကြီးအောင်ရတနာ အထူးကု ပုဂ္ဂလိကဆေးရုံကို ပြန်လည်မွမ်းမံပြင်ဆင်ခြင်းများ ပြုလုပ်မည်ဖြစ်၍ ယခုလကုန်မှစတင်ကာ နှစ်လကြာပိတ်မည်ဖြစ်ကြောင်း သိရသည်။

အောင်ရတနာ အထူးကု ပုဂ္ဂလိက ဆေးရုံ တွင် CDM များကို ဝန်ထမ်းခန့်အပ်ထားသောကြောင့် စစ်ကောင်စီက ပိတ်သိမ်းခိုင်းကာ ငွေတောင်းနေသည်ဟု ယနေ့ ဧပြီ ၂၂ ရက်နေ့ နံနက်ပိုင်းမှ စတင်၍ သတင်းများထွက်ပေါ်လျှက် ရှိသည်ကို တွေ့ရသည်။

“အမေဆေးခန်းပြဖို့ရှိတော့ အောင်ရတနာဆေးရုံပိတ်တယ် သတင်းကြားတာနဲ့ ဖုန်းဆက် မေးလိုက်တာ။ ဆေးရုံက ဒီလကုန်ရင်တော့ နှစ်လပိတ်မယ်ပြောမယ်။ renovation (ပြန်လည်မွမ်းမံမှုတွေ) လုပ်ဖို့တဲ့။ အထူးကုဆရာဝန်နဲ့ပြနေကျသူတွေလည်း အခြား ဆေးရုံမှာပြရမယ် ” ဟု ရန်ကုန်မြို့ခံ အမျိုးသမီးတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

ထို့ကြောင့် အောင်ရတနာဆေးရုံတွင် ဆေးကုသမှုခံယူမည်ဆိုပါက ယခုလကုန်ထိ ကုသခွင့်ရမည်ဖြစ်ပြီး ဆေးရုံတက်ကာ ဆေးကုသမှုခံယူနေသူများလည်း အခြား ပုဂ္ဂလိကဆေးရုံသို့ လွဲပြောင်းကုသမှု ခံယူရမည်ဖြစ်ကြောင်း ဆေးရုံမှ စုံစမ်းသိရသည်။

အောင်ရတနာဆေးရုံကို ၁၉၉၈ ခုနှစ်တွင်စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။

အောင်ရတနာဆေးရုံကို နှစ်လခန့်ကြာ ပိတ်သိမ်းမည်ဖြစ်သော်လည်း ကင်ဆာ‌ရောဂါ သည်များကို အများဆုံးကုသသည့် ဒဂုံမြို့သစ်( မြောက်ပိုင်း) ရှိ ပင်လုံအထူးကု ဆေးရုံကိုမူ နှစ်လကြာပိတ်ခဲ့ပြီးနောက် ဧပြီ ၁ ရက်နေ့တွင် ပြန်လည်ဖွင့်လှစ် ထားကြောင်းသိရသည်။

ဓာတ်ပုံ – အောင်ရတနာဆေးရုံ
#ရ‌န်ကုန်မြို့ #အောင်ရတနာအထူးကုပုဂ္ဂလိကဆေးရုံ #၂လပိတ်မည် #Ayeyarwaddy_Times